အလင်းရောင်
ဝိပဿနာ အားမထုတ်ဘဲနဲ့ နေရွှေ့ ညရွှေ့ ရွှေ့ နေတာသည်ဥာဏ်ကမဦးဘဲနဲ့  အသေ ဦးသွားရင် ကိုယ့်အတွက် နာမည်။ မသိမူကြောင့်ဒုက္ခဖြစ် ၊ဒုက္ခဖြစ်တော့အမြစ်ထွက်၊ အမြစ်ထွတ်တော့အပင်ပေါက် ချာလည်ဒုက္ခရောက်

Friday 25 December 2009

၅၂၈ ၁၅၀၀

မေတ္တာရဲ့ အဓိပ္ပါယ်နဲ့ ၅၂၈ မေတ္တာ ၁၅၀၀ မေတ္တာတို့ရဲ့ ခြားနားမှူ



မေတ္တာဟူသည် ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းဟု အဓိပ္ပါယ် ရပါတယ်။ မိမိနှင့်တကွ အခြားသူတို့အား ကောင်းကျိုးဖြစ်အောင်၊ ကျန်းမာချမ်းသာအောင် စသည်ဖြင့် ဆုတောင်းပေးခြင်း၊ ပွားများပေးခြင်းကို မေတ္တာပို့တယ်၊ မေတ္တာပွားတယ်လို့ ဆိုကြပါတယ်။ ဒီလိုမေတ္တာပွားရာမှာ နှစ်မျိုးနှစ်စားရှိပါ တယ်။ အစွဲပါတဲ့ မေတ္တာပွားမှုနဲ့ အစွဲကင်းပြီး ဖြူစင်သန့်ရှင်းတဲ့ မေတ္တာပွားမှုပါ။ ဒီလိုအစွဲကင်းပြီးဖြူစင် သန့်ရှင်းတဲ့မေတ္တာမှသာလျှင် စစ်မှန်တဲ့မေတ္တာဖြစ်ပြီး အစွဲကင်းစွာနဲ့ ပွားများ၊ ပို့သတဲ့ မေတ္တာမျိုးမှသာလျှင် ဖြူစင်တဲ့ မေတ္တာဘာဝနာ ဖြစ်ပါတယ်။ ဒီမေတ္တာဟာ တစ်ခုချင်း၊ တစ်ချက်ချင်း ပွားများမယ်ဆိုရင် (၅၂၈)ချက် ရှိပါတယ်။ အဲဒါကိုပဲ မြန်မာလို ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာဟု အလွယ်ပြောဆိုခြင်းဖြစ်ပါတယ်။

အချို့က အလွဲနားလည်နေတာလေးတွေ ရှိပါတယ်။ မိဘနဲ့သားသမီးများရဲ့အချစ်၊ ဆရာနဲ့တပည့်တို့ရဲ့မေတ္တာ၊ ညီအစ်ကိုမောင်နှစ်မတို့ရဲ့ မေတ္တာတွေဟာ ၅၂၈ မေတ္တာတွေပါတဲ့။ တကယ်တော့ ဒီမေတ္တာဟာ ဖြူစင်တဲ့ ငါးရာ့နှစ်ဆယ့်ရှစ်မေတ္တာလို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် အစွဲလေးတွေရှိနေလို့ပါ။ ဆိုကြပါစို့ မိဘက သားသမီးတွေကို မေတ္တာပို့တဲ့အခါ “ငါ့သားလေး၊ ငါ့သမီးလေး ကျန်းမာပါစေ၊ ဘေးရန်းကင်းပါစေ” စသည်ဖြင့် ပို့ကြပါတယ်။ အဲလိုပဲ သားသမီးက မိဘ၊ ဆရာက တပည့်၊ တပည့်ကဆရာ၊ ညီအစ်ကိုမောင်နှစ်မ အချင်းချင်း စသည်စသည်တို့မှာ မေတ္တာပို့တဲ့အခါ ငါဆိုတဲ့အစွဲ၊ အတ္တလေးတွေပါနေတဲ့အတွက် ဖြူစင်တဲ့ ၅၂၈မေတ္တာအစစ်လို့ ပြောလို့မရပါဘူး။ မေတ္တာလို့တော့ ပြောလို့ရတာပေါ့။ တကယ့် ၅၂၈ မေတ္တာမျိုးဆိုတာ ပို့လိုက်တိုင်း ပို့လိုက်တိုင်းမှာ ကိုယ့်အတွက်မပါပါဘူး။ ငါစွဲမပါပါဘူး။ ၅၂၈မေတ္တာပွားပုံလေးကို ဥပမာပြောရရင် “သတ္တ၀ါအားလုံး ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ကြောင့်ကြမှုကင်းကြပါစေ၊ ညှင်းပန်းနှိပ်စက်မှုကင်းကြပါစေ၊ ချမ်းသာစွာ မိမိကိုယ်ကိုဆောင်ရွက်နိုင်ကြပါ
စေ” စသည်ဖြင့် ပွားများရတဲ့မေတ္တာမျိုးပါ။ ဆိုတော့ကား ဒီပွားများပုံလေးကို ကြည့်ကြည့်ပါ။ ငါ့အတွက်မပါ။ ငါစွဲမပါပါ။ အဲဒီမေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ဆိုတာပါ။

နောက် ၁၅၀၀ပါ။ ၁၅၀၀ဟာ မေတ္တာ မဟုတ်ပါဘူး။ ကိလေသာပါ။ ဗုဒ္ဓစာပေတွေမှာ ၁၅၀၀မေတ္တာလို့ မသုံးပါဘူး။ ၁၅၀၀ကိလေသာလို့ပဲ သုံးပါတယ်။ အချို့က မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ မောင်နဲ့နှစ်မ စသည့်မေတ္တာမျိုးဟာ ၅၂၈မေတ္တာဖြစ်ပြီး သမီးရည်းစားအချင်းချင်းထားတဲ့ မေတ္တာမျိုးဟာ ၁၅၀၀မေတ္တာလို့ နားလည်မှုလွဲနေကြပါတယ်။ တကယ်တော့ ၁၅၀၀ ဟာ မေတ္တာမဟုတ်ပါ။ ကိလေသာသာဖြစ်ပါတယ်။ ၁၅၀၀ ကိလေသာပါ။ အလျဉ်းသင့်လို့ ၅၂၈ မေတ္တာရေတွက်ပုံနဲ့ ၁၅၀၀ ကိလေသာ ရေတွက်ပုံကိုလည်း ဖော်ပြလိုက်ပါတယ်။

၅၂၈မေတ္တာရေတွက်ပုံ…
သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ၊ သဗ္ဗာဣတ္ထိယော၊ သဗ္ဗေပုရိသာ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေ၀ါ၊ သဗ္ဗေမနုဿာ၊ သဗ္ဗေ၀ိနိပါတိကာ ဆိုတဲ့ ပုဂ္ဂိုလ် ၁၂ယောက်ကို အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံပရိဟရန္တု ဆိုတဲ့“-န္တု” လေးချက်နဲ့ တစ်ယောက်ချင်းပွားများပါက ၁၂ယောက် ဆိုတော့ ၄၈ပါ။ ပြီးတော့ အဲဒီပုဂ္ဂိုလ် ၁၂ယောက်ကိုပဲ အရပ်ဆယ်မျက်နှာဖြင့် တစ်မျက်နှာချင်း ပုဂ္ဂိုလ်တစ်ယောက်ချင်းပွားပါက ၄၈၀ပါ။ အဲဒီ ၄၈၀နဲ့ ခုနက ၄၈ချက်နဲ့ ပေါင်းရင် ၅၂၈ပါ။ အဲဒါကိုပဲ ၅၂၈မေတ္တာလို့ ပြောတာပါ။ (၅၂၈မေတ္တာပွားနည်း)
(၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈)

၁၅၀၀ ကိလေသာရေတွက်ပုံ…
စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။ အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။ အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။ ဒီသဘောက အဘိဓမ္မာမသင်ဖူးသူတို့အတွက် နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
(၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။)

No comments:

Post a Comment