အလင်းရောင်
ဝိပဿနာ အားမထုတ်ဘဲနဲ့ နေရွှေ့ ညရွှေ့ ရွှေ့ နေတာသည်ဥာဏ်ကမဦးဘဲနဲ့  အသေ ဦးသွားရင် ကိုယ့်အတွက် နာမည်။ မသိမူကြောင့်ဒုက္ခဖြစ် ၊ဒုက္ခဖြစ်တော့အမြစ်ထွက်၊ အမြစ်ထွတ်တော့အပင်ပေါက် ချာလည်ဒုက္ခရောက်

Wednesday 18 November 2009

ရည်ရွက်ချက်

သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ?လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့ လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ် တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ် တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။
ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့ အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲဆိုင်တဲ့common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလိုရှိရင် တိုများရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလြဲ ကြမှာပါ ပရိတ်ကြီးထဲက ရတနာသုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး
အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ပဲနဲ့  အသက်ရှိသတ္တ၀ါ အားလုံးရဲ့
ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။
ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ
အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ
အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။
တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်
ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့
အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။
ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်
အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်
“အတ္တတ္ထ စရိယ” လို့
အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ
အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင်
ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ
အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ
အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။
အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်
ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့
အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့
ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလမတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့
ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော
နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့
လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့

Must be pleasant
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ
ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်
မင်္ဂလ သုတ်ထဲမှာ ပါပါတယ်
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ
စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့
ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏
တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် တရားတော်

ဆင်းတုတော်

ဆင်းတုရှိခိုးတာ အကျိုးရှိလား

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။

ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။


ဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်းမြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။


ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။


ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့

ပိဋကတ်သုံးပုံ၊

မဂ်လေးတန်၊

ဖိုလ်လေးတန်နဲ့

နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်တယ်။


ဥဒ္ဒိဿစေတီ…

သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။


ပရိဘောဂစေတီ…

မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။


အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကိုရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။


ဥပမာ…ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။


ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။


ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။

ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက

အရဟံအစ ဘဂ၀ါအဆုံး

အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊

ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊

သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့

မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊

ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

ကိုးကား-(ဒေါက်တာမင်းတင်မွန်)

ခင်ပွန်းကြီးဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…
Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊ ၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊ ၇-အလေးအမြတ်ပြုအပ်သော ဆရာ၊ သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊ ၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊ ၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊ ၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။ ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။ ၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။ သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ- ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။ ၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။ တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ ဘုန်းဘုန်း။


A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။



ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

စာပေမြင့်မှ လူမျိုးတင့်မည်။ လူမျိုးတင့်မှ တိုင်းပြည်မြင့်မည်။ စာပေသည် တိုင်းပြည်နှင့် လူမျိုး၏ အသက်ဖြစ်သည်။ စာပေထွန်းကားမှ နိုင်ငံထွန်းကားမည်။ စာပေသည် ရတနာမျိုးစုံကို ထည့် သွင်း သိမ်းဆည်းထားသော သေတ္တာတစ်လုံးနှင့်တူသည်။ တန်ဘိုးရှိသော ပညာရပ်မှန်သမျှကို စာပေဖြင့် ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးကို တိုးတက်အောင် ပြုလုပ်ရာ၌ စာပေကို မျက်ကွယ်ပြု၍ မရနိုင်ပေ။

စာပေသည် အမှောင်နှင့်အလင်း အမှားနှင့်အမှန်ကို ရှင်းလင်း သိနိုင်အောင် ပြသပေးသော မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့် သာသနာ တိုးတက်စည်ပင်ရေးအတွက် စာပေတည်းဟူသော မီးရှူးတန်ဆောင်ကို အရှိန်အဟုန် မပျက် ဆက်လက် ညှိထွန်းနေရမည်ဖြစ်သည်။ စာပေသည် အလင်းတကာတို့ထက် ပိုမို၍ လင်းအားကောင်းသော အရာဖြစ်သည်။ စာပေအလင်းရောင်ကြောင့် တိုင်းပြည်သည် တစ်ခဏချင်း လင်းထိန်သွားနိုင်သည်။ လူမျိုးသည် တောက်ပြောင် နိုင်သည်။ ဘာသာနှင့် သာသနာသည် ထိပ်တမ်းသို့ မြင့်တက်သွားနိုင်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်ကို ဖော်ပြသောအားဖြင့် စာပေ အလံတံခွန်ကို အမြင့်ဆုံးသို့ ရောက်အောင် မြှင့်တင်နေရမည်ဖြစ်သည်။

တနည်းအားဖြင့် စာပေသည် ပညာရပ်အားလုံးတို့၏ ကိုယ်စားပြု နာမ်စားတစ်ခုဖြစ်သည်။ စာပေကို လိုက်စားခြင်းဖြင့် ပညာရပ်အားလုံးကို တတ်သိနားလည်ပြီး အများအားကိုးထိုက်သည့် အကျိုးပြု ပညာတတ်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။ စာပေကြောင့် အသိအမြင်နှင့် ဘဝ အခြေအနေ တိုးတက် ပြောင်းလဲ သွားသူများ ကမ္ဘာတစ်ဝှမ်း၌ မြောက်များစွာရှိသည်။

ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါမှတ်သားဘွယ်ရာ နီတိဆန်သော စကားရပ်များကို မိန့်ကြားတော်မူခဲ့သည်။ ၄င်းတို့မှာ-

နတ္ထိ ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ) လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။

ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ) ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

ပညာ လောကသ္မိံ ပဇ္ဇောတော (သံ၊၁၊၄၁၊ပါ) ပညာသည် လောကကြီးအတွက် အကောင်းဆုံး အလင်းရောင်။

ထို့ပြင် စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ပညာမျက်စိ၊ အသိ၊ အမြင်၊ နားလည်မှုများရှိလျှင် ဘဝလွတ်မြောက်မှုကို ရနိုင်သည်ဟု အားပါးတရ မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် အမှောင်ကင်း ပျောက် သော လောကကြီးဖြစ်စေရန် အသိမှန် အမြင်မှန်ပေးနိုင်သော စာပေများကို ဦးစားပေးစနစ်ဖြင့် ဖတ်ရှုလေ့လာ ပြန့်ပွားအောင်ပြုလုပ်ရမည်ဖြစ်သည်။

သံယုတ်ပါဠိတော်၌ ခွန်အားကောင်းလိုသော် အစာအာဟာရကို လှူ၊ ရုပ်ရည်ကောင်းလိုသော် အဝတ်တန်ဆာကို လှူ၊ မျက်စိကောင်းလိုသော် အလင်းရောင်ကိုလှူ၊ ချမ်းသာကို အလိုရှိသော် ယာဉ်ရထားကို လှူ၊ ၄င်းသုံးမျိုးကို တစ်ပြိုင်နက် ရလိုသော် အရိပ် အာဝါသ ကျောင်း ဇရပ်ကို လှူ။ အသိဥာဏ်ကြီးလိုသော် တရား(ပညာ)ကိုလှူ (သံ၊၁၊၂၉၊ပါ) ဟု မြတ်စွာဗုဒ္ဓမိန့်တော် မူခဲ့သည်။ ထို့ကြောင့် အသိဥာဏ်ကြီးလိုက အသိဥာဏ်ကြီးကြောင်း ပညာရပ်များကို ဖြန့်ဝေခြင်း မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ပညာရပ်ကို ဖြန့်ဝေသည် ဆိုရာ၌ သင်ကြားခြင်း၊ သင်ယူခြင်း၊ တရားစကား ပြောခြင်း၊ နားထောင်ခြင်းများအပြင် စာအုပ်စာပေများ ပေး လှူခြင်းများလည်းပါဝင်သည်။

နံရံများ၏ ပဲ့တင်သံများသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းများဖြစ်သည်။ အလေး အပေါ့ အကျယ်အကျဉ်း အကောင်းအဆိုး အတိုးအမြင့်သည် မူလဘူတ ပြုလုပ်သူ၏ အင်အားနှင့် များစွာ သက်ဆိုင် သည်။ ဆိုလိုသည်မှာ လောက၌ အရာရာသည် အကြောင်းမဲ့ သက်သက်ဖြစ် နေခြင်းမဟုတ်ဘဲ အကြောင်းအကျိုး အားဖြင့် နှီးနွှယ် ဖြစ်ပျက်နေခြင်းဖြစ်သည်။ ထိုကို ပညာရှိ သူတော်ကောင်းများက ဇနေတိ သဒိသံ ပါကံ (အဘိ၊၃၆)

လောက၌ အရာရာသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းရှိသည် ဟု အလေးအနက် မိန့်ကြား တော်မူခဲ့ခြင်းဖြစ်သည်။ ။

အစစ်ဖြစ်ပြီလား

ဗုဒ္ဓဘာသာအစစ် ဖြစ်ပြီလား


ဗုဒ္ဓဘာသာအစစ် ဖြစ်သူဟာ သရဏဂုံသုံးပါးကို မမှိတ်မသုန် ယုံကြည်တဲ့သူလို့ အများ နားလည်ကြပါတယ်။ ဗုဒ္ဓဘာသာအစစ်ဖြစ်ဖို့ ဘယ်လို ယုံကြည်တာကို မမှိတ်မသုန် ယုံကြည်တယ်လို့ ဆိုတာကို တင်ပြပေးပါမယ်။
ဒီနေရာမှာ သရဏဂုံသုံးပါး ခံယူခြင်းကနေ စပြောပါ့မယ်။ သရဏဂုံဆိုတာ အပြောနဲ့ပြောနေတဲ့ ဘုရားပုံ၊ တရားသံ၊ ရဟန်းသံဃာကို ဆိုလိုတာ မဟုတ်ပါဘူး၊ ပုံတော်မှာ ကိန်းနေတဲ့... ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကို ခေါ်ဆိုတယ်လို့ မှတ်ရပါမယ်။ ယင်းသို့ ခံယူကိုးကွယ်ခြင်း

လူတန်းစားကလည်း ၂-မျိုး ၂-နည်း ရှိပါတယ်။

၁။ သရဏဂုံ ခံယူခြင်း သက်သက်မျှသာ လူတန်းစားက တစ်မျိုး၊

၂။ သရဏဂုံကို ယုံကြည်လေးစား ပွားများ ခံယူခြင်း လူတန်းစားက တစ်မျိုး၊

သရဏဂုံခံယူခြင်း သက်သက်မျှ လူတန်းစားဆိုတာက သရဏဂုံ ၃-ပါးရဲ့ ဂုဏ်တော်များကိုလည်း ဘာမျှမသိ၊ ရိုသေလေးစား အားထားမှုလည်း မရှိ၊ “ဣတိပိ သော ဘဂ၀ါ”လောက်ပဲ သာမန် သင်ယူ ကြားသိထားပြီးတော့ မိဘဘိုးဘွားတို့၏ ရိုးရာ ခံယူနေကျအတိုင်း ဘုန်းကြီးက ရှေ့ကဆိုပေးသလို “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် လိုက်ဆို ခံယူခြင်းမျိုးကို ခေါ်ဆိုပါတယ်။ ဥပမာပြရရင်---အနေကဇာတင်၊ ရှင်ပြု၊ ရဟန်းခံ၊ အိမ်တက်မင်္ဂလာ၊ ပရိတ်ရွတ်၊ မွေးနေ့ဆွမ်းကျွေးနဲ့ အသုဘအိမ်တိုင်းမှာ လူတွေ လိုက်လိုက်ပြီး ခံယူနေကြတဲ့ သရဏဂုံမျိုးလိုပါ။ ဂစ္ဆာမိ-ရုံနဲ့ ပြီးတာကို ဆိုလိုတာပါ။

၁-နံပါတ်သရဏဂုံခံယူသူ...

နံပါတ်-၁- သရဏဂုံခံယူတဲ့ လူတန်းစားက ဗုဒ္ဓ၊ ဓမ္မ၊ သံဃာမှာရှိတဲ့ ဂုဏ်တော် ကျေးဇူးတော်များကိုလည်း အရှိအတိုင်း ဘယ်ဟာမှ မည်မည်ရရ မသိပေမဲ့ သူတို့လုပ်စရာ ရှိတဲ့....
၁။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း ဒါနရယ်..
၂။ ခံယူဆောက်တည် ကျင့်သုံးခြင်း သီလရယ်..
၃။ ပရိတ်တရား နာယူခြင်း ဘာဝနာရယ်... ဒီအမှုမျိုးကိုတော့ အပြည့်အစုံပြုနေတာပါပဲ။ အဲသည်ထဲမှာ လောကချမ်းသာရေးအတွက် အမှန်လည်း ပါတယ်။ အလိမ်အညာခံ အမှားတွေကလည်း အများကြီးပါပါတယ်။
အခုဆိုခဲ့သလို ခံယူခြင်းမျှသာ သရဏဂုံရှိနေတဲ့ လူတန်းစာဟာ ဗုဒ္ဓဘာသာဝင်သူ အစစ်တို့ ရသင့်ရထိုက်တဲ့ ဗုဒ္ဓညွှန်ကြားချက်အရ လောကမှထွက်မြောက်ရာ ကောင်းကျိုး ချမ်းသာရေး အိုနာသေဘေးလွတ်ရာ အနှစ်သာရရှိတဲ့ သုခများကိုတော့ ထူးခြားစွာ ရယူ

ခံစား မသွားနိုင်ပါဘူး။ သွားနေကျလမ်းဖြစ်တဲ့ လူ၊ နတ်ဘ၀ လမ်းကိုပဲ စိုးရိမ်ခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေ၀ မီးလျှံတွေ ဆူညံစွာ သွားနေရမှာသာဖြစ်ပါတယ်။

၂-နံပါတ် သရဏဂုံခံယူသူ...
၂-နံပါတ်သရဏဂုဏ်အရ “ယုံကြည်လေးစား ပွားများခံယူမှု”ဆိုတာကတော့ ဘုရားဂုဏ်တော် -၉-ပါး၊ တရားဂုဏ်တော် -၆-ပါး၊ သံဃာ့ဂုဏ်တော် -၉-ပါးရဲ့ ပါဠိအနက်များကို အရကျက် နှုတ်တက်ဆောင်တယ်၊ ရွတ်ဖတ်တယ်၊ အဓိပ္ပါယ်ကို သိအောင်

ဆွေးနွေးမေးမြန်းတယ်။
သည်လောက်တွင် ရပ်မနေပဲ မိမိခံယူဆောက်တည် ကိုးကွယ်ဆည်းကပ်ထားတဲ့ ဘုရား၊ တရား၊ သံဃာ သရဏဂုံ-၃-ပါးမှာ မှန်ကန်စွာ အဟုတ်ရှိနေတဲ့ ဂုဏ်၏ ကြီးမားမြင့်မြတ်ပုံ ကယ်တင်နိုင်ပုံ နည်းနယကို သိထားဖို့နဲ့ ယင်းအကျိုးဖလ၏ တန်ဖိုးကို ရယူခံစားနိုင်ဖို့

ပြုလုပ်ကျင့်ကြံရေးကို အကြိမ်ကြိမ် အဖန်ဖန် စုံစမ်းမေးမြန်း ဆွေးနွေးနာယူတယ်၊ စိစစ် လေ့ကျင့်တယ်၊ သူပြော သူဖြေ သူရေးတာကို ဖတ်တာလောက်ကို ကြားသိယုံတင် မနေဘဲ မှတ်ကျောက်တင် ခံ /မခံ (သန္ဒိဋ္ဌိက) လက်တွေ့ခံစားရခြင်း ဂုဏ် ရှိ /မရှိ ကိုယ်တွေ့ဉာဏ်မြင်သိ ကျေနပ်မှုအထိ ၀ိပဿနာ တရားကို ကျင့်ကြံပွားများ အားထုတ်တယ်။
အဲဒါဟာ “သရဏဂုံကို ယုံကြည်လေးစားပွားများ ခံယူခြင်း” ၂-နံပါတ် လူတန်းစား ဗုဒ္ဓဘာသာအစစ်များရဲ့ မလုပ်မနေရှိတဲ့ ကိစ္စအချို့ပဲ ဖြစ်ပါတယ်။
နောက် လက်မခံဘဲ တော်လှန်ပယ်ရှား စွန့်ပစ်ရမည့် အမှားစွဲများကိုလည်း စွန့်ပယ်ထုတ်ပစ်လိုက်တယ်၊ ပြည့်စုံစွာ ဆောင်ယူထားရမည့် အမှန်တရားများကိုလည်း အပြည့်အစုံ ဆောင်ယူထားတယ်၊ အဲသည်လို အကြိမ်ကြိမ် အခါခါ အဖန်ဖန် အထပ်ထပ် အမှားပယ်

အမှန်ယူ ကိစ္စတို့ကို အပြည့်အစုံ ပြုလုပ်ပြီး သရဏဂုံ -၃-ပါး၏ ဂုဏ်ကျေးဇူးတော်များကို “သန္ဒိဋ္ဌိက” ကိုယ်တိုင်တွေ့သိ ဖြစ်လာတဲ့ အတိုင်း မှတ်ကျောက် တင်ခံသူဖြစ်တော့ ဘုရား၊ တရား၊ သံဃာတော်များအပေါ်မှာ မတုန်မလှုပ် ယုံကြည်လေးစားလာတယ်။

ဘယ်သူဘာပြောပြော ခိုင်မြဲသော ယုံကြည်ချက် မပျက်တော့ပါဘူး။
တကယ် ကိုယ်တိုင် ဘုရားရှေ့မှာ သို့မဟုတ် သံဃာတော်များထံမှာ ခံယူထားတဲ့ ငါးပါးသီလဟာလည်း မြဲလာတယ်။ ဒါထက်ပိုပြီး ရှစ်ပါးသီလ၊ ကိုးပါးသီလ ဥပုသ်သီတင်းများကိုလည်း စတင်ကျင့်သုံးလာတယ်။ မိမိအား မုချကောင်းကျိုး ချမ်းသာကို ပေးနိုင်တဲ့

ရတနာအစစ်ဖြစ်သော သရဏဂုံ -၃-ပါးမှ အခြားတစ်ပါးသော ဗေဒင်၊ နတ်၊ ဘိုးတော်၊ ၀ိဇ္ဇာစတဲ့ ဗုဒ္ဓဘာသာ(သမ္မာဒိဋ္ဌိ)နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက် လောကကြောင်း သက်သက် တစ်ဖက်သတ် တစ်လမ်းသွား ဆရာကြီးတို့အား ကိုးကွယ်ဆည်းကပ်မှု လုပ်ငန်းများကိုလည်း

အရင်က ရှိခဲ့ရင်တောင် ရပ်စဲ ပယ်စွန့် ထားလိုက်တယ်။
ထို့ကြောင့် ယင်းဆရာကြီးတဲ့စေခိုင်းချက် (ဗေဒင်ကျမ်းလာ) ဥုံ အံ မန္တန် မန္တရားများကိုလည်း မရွတ်ဖတ်တော့၊ ဓာတ်တက်၊ ဓာတ်ဆင်၊ ယတြာခွင်တွေလည်း မချေ၊ မပတော့ဘူး၊ မယုံကြည် မကိုးစားတောပါ့ဘူး။
ဗုဒ္ဓဂုဏ်တော်ဖြစ်တဲ့ “အရဟံ”အစစ်ရဲ့ ရှေ့နောက် ၀ဲယာမှာ ဥုံတွေ၊ သြောင်းတွေ သိဒ္ဓိတွေ စသည်ထည့်သွင်းကာ “ဥုံ အရဟံ သိဒ္ဓိ”စတဲ့ ပိဋကတ်တော် ဖျက်ဆီးမှု မိစ္ဆာသံတွေထည့်ပြီး မရွတ်ဖတ်တော့ဘဲ “အရဟံ”ဂုဏ်တော် သက်သက်ကိုသာ “အရဟံ, အရဟံ,

အရဟံ” (ကိလေသာရန် မြူမျှမကျန် အကုန်ကင်းစင်တော်မူသော မြတ်စွာဘုရား)ဟု သန့်ရှင်း ဖြူစင်စွာ ဗုဒ္ဓါနုဿတိဘာဝနာ (ဘုရားဂုဏ်တော်အစစ်ဖြစ်တဲ့) ကမ္မဋ္ဌာန်း စီးဖြန်း ပွားများ သတိထားနေတော့ပါတယ်။
မိမိစောင့်ထိန်း လုံးခြုံတဲ့ သီလာနုဿတိ (ကိုယ်စောင့်ထိန်းထားတဲ့ သီလဂုဏ်တော်)၊ စာဂါနုဿတိ (ကိုယ်လှူဒါန်းဘူး၊ လှူဒါန်းထားတဲ့ ဒါနဂုဏ်စသည်တို့ကိုသာ အောက်မေ့ သတိရကာ အကြိမ်ကြိမ် ပွားများဝမ်းသာ နေတော့တယ်။ ရတနာမြတ် သုံးပါးမှ တစ်ပါး

အိမ်ပေါ်တင်ဆွဲ ကိုးကွယ်ထားစရာ တခြားဟာတွေကိုမှလည်း မရှာဖွေတော့ပါဘူး။
အဲဒီနည်းတွေနဲ့ အဆင့်ဆင့် တက်ပြီး အထက်ထက် တရားတွေကို ဆက်လက်ကျင့်ဆောင် သွားတော့ကာ ဗုဒ္ဓဘာသာဝင် (သမ္မာဒိဋ္ဌိ) သူတော်စင်တို့ ရသင့် ရထိုက်တဲ့ အနှစ်သာရ အကျိုးဖလ သုခချမ်းသာကျိုးတွေ ခုဘ၀မှာရော နောင်ဘ၀များစွာတို့အတွက်ပါ

ခံစားရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အပေါ်မှာ သုန်းနှုန်းပြောခဲ့တဲ့ “ဗုဒ္ဓဘာသာ (သမ္မာဒိဋ္ဌိ)ဆိုတာကတော့... ဗုဒ္ဓဘာသာဝင် အစစ်တို့ ရယူခံစားခွင့် အနှစ်သာရချမ်းသာသုခ အကျိုးမျိုးစုံဆိုတာက သူ့သက်သက် အလိုလိုမိုးပေါ်က ကျလာတာမျိုးလည်း မဟုတ်ဘူး၊

တစ်စုံတစ်ယောက်သော တန်ခိုးရှင်သိဒ္ဓိရှင်က စီမံဖန်ဆင်းပေးလို့ ရတာမျိုးလည်း မဟုတ်ဘူး။ ဗုဒ္ဓဘုရားမြတ်စွာ ညွှန်ကြားစေခိုင်းချက်အတိုင်း....
ပုညံဝ သုခံ ဇနေတိ၊
အပုညံ ဒုက္ခံ ဇနေတိ၊
တသ္မာ ပုညံဝ ကာတဗ္ဗံ၊
အပုညံ န စ ကာတဗ္ဗံ။
ဗုဒ္ဓမြတ်စွာရဲ့ ဆိုလိုချက်က “ကောင်းကံ လုပ်ရင် ကောင်းကျိုးချမ်းသာ သုခအမျိုးမျိုး မုချရမည်၊ မကောင်းကံ လုပ်ရင် မကောင်းကျိုး ဆင်းရဲ့ ဒုက္ခ အမျိုးမျိုးတွေ မုချရမည်၊ ဒါကြောင့် ကောင်းမှုကုသိုလ် “ပုည”ကို လုပ်ပါ၊ မကောင်းမှု အကုသိုလ် “အပုည”ကို မလုပ်နဲ့--ဒါပါပဲ”။
မိမိပြုလုပ်တဲ့ (စေတနာ)ကောင်းကံ၊ မကောင်းကံ၏ အကြောင်းအလိုက် ထိုက်တန် သလောက် ဖြစ်ပေါ်ခံစား ရယူနိုင်မည့် ၀ိပါက်၊ ကောင်းကျိုးပေး၊ မကောင်းကျိုးပေး သဘောပဲလို့ ကိုယ့်အလုပ်ကံကိုသာ စွဲမြဲ ယုံကြည်ထားရမှာ ဖြစ်ပါတယ်။
အဲဒါကို ကမ္မ၀ါဒီ (ကိုယ်လုပ်တဲ့ အလုပ်ကို ယုံကြည်တဲ့ “အလုပ်သမားဝါဒ”)လို့ ခေါ်ပါတယ်၊ ကယ်တင်ရှင် သူတစ်ပါးကို အားမကိုးနဲ့ “အတ္တာဟိ အတ္တနော နာထော” ကိုယ့်ကိုယ်ကို အားကိုး၊ ကောင်းတဲ့ ကုသိုလ်တရားများ ကြိုးစား လုပ်ပါ၊ အဲဒီ လုပ်ရပ်တွေသည်

ဗုဒ္ဓဘာသာ အစစ်တစ်ယောက် ဖြစ်ဖို့ ဘုရားအလိုတော်ကျ ဘုရားဟောဖော် လမ်းညွှန်ချက်များ ဖြစ်ပါတယ်ဆိုတာကို တင်ပြလိုက်ပါတယ်။

ကျမ်းကိုး--
ပါထိက၀ဂ်ပါဠိတော်
ဓမ္မပဒပါဠိတော်
သမ္မာဒဿနပဉှာကျမ်း

Saturday 14 November 2009

လပြည့်လကွယ်


လူအများ ဥပုသ်စောင့်ကြတဲ့အခါ လပြည့်, လကွယ်, ရှစ်ရက် အဲဒီ သုံးရက်ကိုသာ ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်ရမည်ဟုယူကာ ကျောင်းကန်ဘုရားသို့ ဥပုသ်စောင့်သွားကြခြင်းသည် မြတ်စွာဘုရားသခင်က ဒီသုံးရက်ကို ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်ရမည်ဟု သတ်မှတ် ဟောကြားထားခဲ့ခြင်းလား။

လူအများ ဥပုသ်စောင့်သုံးရန်အတွက် ရက်ကို သတ်မှတ်ပြီး ဘယ်နေ့ ဘယ်ရက်များဟာ ဥပုသ်နေ့ဖြစ်သည်၊ ထိုနေ့ ထိုရက်တို့၌ ဥပုသ်သီတင်း စောင့်သုံးကြရမည်ဟု ဟောကြားတော်မူထားတာ ပိဋကတ်တော်မှာ မပါ၊ မရှိပါဘူး။ ကိုယ်က သီတင်းသီလစောင့်သုံးချင်လို့ ဥပုသ်စောင့်တဲ့နေ့ဟာ ကိုယ့်အတွက် ဥပုသ်နေ့ ဖြစ်တာပါပဲ။ လပြည့်, လကွယ်, ရှစ်ရက် သီတင်းမှသာ ဥပုသ်နေ့ဖြစသည် ဥပုသ်စောင့်ကောင်းသည်ဟု နေ့ရက် သတ်မှတ်ချက်နဲ့ ဘုရား မဟောကြားခဲ့ပါဘူး။
ဒါဖြင့် ဆရာတော်အချို့ လပြည့်, လကွယ်, ရှစ်ရက် သီတင်းဥပုသ်နေ့၌ နတ်မင်းကြီးများက ဥပုသတ်စောင့်သူစာရင်း လိုက်ယူမှတ်သားကြတယ်၊ တစ်လမှာ အဲဒီဥပုသ်နေ့ လေးရက် လေးသီတင်း လောက်တော့ ဥပုသတ်စောင့်ကြရမည်ဟု ဘုရားမြတ် ဟောကြားတော်မူကြောင်းနဲ့ ဟောပြောဆုံးမ ပေးနေကြတာဟာ ပိဋကတ်တော်မှာ မပါတဲ့ တရားစကားတွေပဲလား၊
အဲဒါတော့.. မြတ်စွာဘုရားရှင်က လပြည့်, လကွယ်, ရှစ်ရက်နေ့တို့ဟာ လူများ သီတင်းသီလစောင့်ရမည့် ဥပုသတ်နေ့လို့ ဟောကြားကြောင်း ပိဋကတ်တော်မှာ မပါလို့ မဟုတ်ပါဘူး၊ ပါ ပါတယ်၊ ဒါပေမယ့် အဲဒီ ပါတဲ့ စကားရပ် ပေါ်ထွက်လာရင်း အကြောင်းမှန်ကတော့ ရှေးသရောအခါက နတ်တို့၏ ဘုရင်ဖြစ်သော သိကြားမင်းသည် “စတုမဟာရာဇ်နတ်မင်းကြီးများ ဖြစ်ကြကုန်သော ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရ” ခေါ်သော ဝေဿ၀ဏ် နတ်မင်းကြီး လေးယောက်တို့က လူ့ပြည်သို့ လှည့်လည်၍ ဥပုသ်သီတင်းစောင့်သုံးခြင်းရှိကြကုန်သော သူတော်ကောင်းတို့၏ စာရင်းကို ကောက်ယူ ရေးမှတ်ကြကာ သိကြားအင်းအား တင်ဆက်လျှောက်ထားကြတာကို” ခံယူလျက် သိကြားမင်းက တဆင့် တာဝတိံသာနတ်တို့အား ဟောကြားပုံက..

“အို.. နတ်အပေါင်းတို့ လူ့ရွာလောက၌ လူအများသည် စာတုဒ္ဒသီ= တစ်ဆယ့်လေးရက် (ရက်မစုံ) ဥပုသ်နေ့၊ ပန္နရသီ= တစ်ဆယ့်ငါးရက် လပြည့်, လကွယ်၊ အဋ္ဌမီ=ရှစ်ရက်သီတင်းနဲ့ ပါဋိဟာရိယခေါ်သော လူတို့ စောင့်သုံးလိုသည့်နေ့တို့၌ ဥပုသ်သီတင်းစောင့်သုံးခြင်း ပြုကြကုန်၏”ဟု သိကြားမင်းက နတ်တို့အား ပြောကြားတဲ့ အကြောင်း စကားရပ်ကို မြတ်စွာဘုရားက တဆင့်အားဖြင့် လူတို့အား ဟောကြားထားခြင်းသာ ဖြစ်ပါတယ်။
အဲဒါကတော့ ပိဋကတ်တော်မှာပါတဲ့ ဘုရားဟော စကားတော်ပါ။ အဒီ စကားရပ်တွေထဲမှာ ဆန်းစစ်ကြည့်လိုက်ရင် ဥပုသ်နေ့ရက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားသခင်က လပြည့်, လကွယ်, ရှစ်ရက်နေ့တို့ဟာ ဥပုသ်နေ့ ဖြစ်တယ်၊ ဥပုသ်သီတင်းစောင့်ကြရမယ်၊ အဲဒီနေ့ရက်များမှာ စောင့်တဲ့သူမှာသာ ဥပုသ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ဟောကြားချက် စကားတစ်ခွန်း၊ တစ်ပါဒမှာ မပါပါဘူး၊ ကိုယ်စောင့်သုံးနိုင်သလောက် ကောင်းကျိုး ချမ်းသာရမှာချည်းပဲ ဖြစ်ပါတယ်။ စောင့်ချင်တဲ့ နေ့မှာ ဥပုသတ်သီတင်း စောင့်နိုင်ပါတယ်။
အမှန်ကတော့ အခုဖော်ပြခဲ့တဲ့ ဥပုသ်နေ့ အမည်အမျိုးမျိုးတွေဟာ ရှေးရှေး ပေါရာဏ သူဟောင်း လူဟောင်း သူတော်ကောင်းတို့က သူတို့စောင့်သုံးလို့တဲ့ နေ့မှာ ဥပုသ်သီတင်းစောင့်သုံးကြပြီးတော့ စတုဒ္ဒသီ (၁၄-ရက်ဥပုသ်နေ့)၊ ပန္နရသီ (၁၅-ရက် ဥပုသ်နေ့)၊ အဋ္ဌမီ (၈-ရက် ဥပုသ်နေ့)၊ ပါဋိဟာရိယ (စောင့်သုံးလိုသည့်နေ့၌ ဥပုသ်စောင့်ခြင်း) ဟူ၍ ဥပုသ်နေ့တွေကိ သူတို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတဲ့ ဥပုသ်နေ့ အမည်အမျိုးမျိုးတွေကို အစွဲပြုကာ မြတ်စွာဘုရားကတဆင့် ဟောကြားထုတ်ဖော်ခြင်းမျှသာ ဖြစ်တယ်လို့ မှတ်ကြရမှာပါ။ ဤနေ့ ဤရက်များမှသာ စောင့်သုံးရမည်၊ အခြားနေ့များ၌ ဥပုသ်သီတင်း မစောင့်ရဟု မြတ်စွာဘုရားက နေ့ရက်ကို မသတ်မှတ် မဟောကြား မဆုံးမခဲ့ဘူးဆိုတာကကို မှတ်သားရမှာပါ။
အထက်ပါစကားရပ်များနှင့် ပတ်သက်၍ ဘုရားဟောဖော် သာဓကများကတော့...
သုတ္တန္တပိဋက၊ သုတ်မဟာဝါပါဠိတော်၊ မဟာသုဒဿနသုတ်အဖွင့် ဋီကာဆရာတော်ဖွင့်ပြထားတာကို တင်ပြပါမယ်..
ဥပေါသထံ ၀ုစ္စတိ အဋ္ဌင်္ဂသမန္နာဂတံ၊
သဗ္ဗဒိဝသေသု ဂဟဋ္ဌေဟိ ရက္ခိတဗ္ဗသီလံ။
“ဥပုသ်ဆိုတာ ဘယ်နေ့မှာ မဆို ကိုယ်စောင့်လိုသော နေ့တို့၌ လူတို့သည် စောင့်သုံးဆောက်တည်နိုင်သော အင်္ဂါ ရှစ်ပါးနဲ့ ပြည့်စုံတဲ့ သီလကို ဆို၏”ဟု မိန့်ဆို ဆုံးဖြတ်တော်မူထားပါတယ်။ အဲဒါဟာ ကျမ်းဂန်စကားပါပဲ။

ဒီပါဠိစကားရပ်ထဲမှာ အဋ္ဌင်္ဂ (၈)ပါးသီလလို့ပဲ ဆိုထားတယ်။ တကယ်လို့ န၀င်္ဂ (၉- ပါးသီလ)၊ ဒသင်္ဂ ( ၁၀-ပါးသီလ)တို့ကို လူပုဂ္ဂိုလ်တွေ မစောင့်သုံးကောင်းဘူးလားဆိုတော့၊ မဟုတ်ပါဘူး၊ စောင့်သုံးကောင်းပါတယ်။ ကုသိုလ်ဆိုတာ များလေး ကောင်းလေပါပဲ။ ၉-ပါးသီလ၊ ၁၀-ပါးသီလတင်မကပါပဲ တတ်နိုင်ရင် (၂၂၇) သွယ်သော ရဟန်းတော်တွေ စောင့်ထိန်းတဲ့ သီလတွေကိုလည်း စောင့်သုံးနိုင်ပါတယ်။

ကျမ်းကိုး-- သုတ်မဟာဝါ
သုတေသန သမ္မာမဂ္ဂင်္ဂ ပဉှာကျမ်း

ဒေါသနည်းအောင်



• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။

ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။


• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။

မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကိုဘယ်တော့မှ မပြောပါနဲ့။



စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။စိတ်



ပင်ပန်းမယ်။ကိုယ်လုပ်မဲ့အလုပ်မျိုးကိုလုပ်နေတဲ့သူ၊အတွေ့အကြုံများတဲ့သူမှာကိုယ့်အခက်အခဲကိုနာလည်မယ်။



ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။



အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ



စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။



စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေးတယ်။