အလင်းရောင်
ဝိပဿနာ အားမထုတ်ဘဲနဲ့ နေရွှေ့ ညရွှေ့ ရွှေ့ နေတာသည်ဥာဏ်ကမဦးဘဲနဲ့  အသေ ဦးသွားရင် ကိုယ့်အတွက် နာမည်။ မသိမူကြောင့်ဒုက္ခဖြစ် ၊ဒုက္ခဖြစ်တော့အမြစ်ထွက်၊ အမြစ်ထွတ်တော့အပင်ပေါက် ချာလည်ဒုက္ခရောက်

Wednesday 18 November 2009

ခင်ပွန်းကြီးဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…
Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊ ၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊ ၇-အလေးအမြတ်ပြုအပ်သော ဆရာ၊ သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊ ၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊ ၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊ ၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။ ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။ ၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။ သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ- ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။ ၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။ တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ ဘုန်းဘုန်း။


A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။



ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

စာပေမြင့်မှ လူမျိုးတင့်မည်။ လူမျိုးတင့်မှ တိုင်းပြည်မြင့်မည်။ စာပေသည် တိုင်းပြည်နှင့် လူမျိုး၏ အသက်ဖြစ်သည်။ စာပေထွန်းကားမှ နိုင်ငံထွန်းကားမည်။ စာပေသည် ရတနာမျိုးစုံကို ထည့် သွင်း သိမ်းဆည်းထားသော သေတ္တာတစ်လုံးနှင့်တူသည်။ တန်ဘိုးရှိသော ပညာရပ်မှန်သမျှကို စာပေဖြင့် ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးကို တိုးတက်အောင် ပြုလုပ်ရာ၌ စာပေကို မျက်ကွယ်ပြု၍ မရနိုင်ပေ။

စာပေသည် အမှောင်နှင့်အလင်း အမှားနှင့်အမှန်ကို ရှင်းလင်း သိနိုင်အောင် ပြသပေးသော မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့် သာသနာ တိုးတက်စည်ပင်ရေးအတွက် စာပေတည်းဟူသော မီးရှူးတန်ဆောင်ကို အရှိန်အဟုန် မပျက် ဆက်လက် ညှိထွန်းနေရမည်ဖြစ်သည်။ စာပေသည် အလင်းတကာတို့ထက် ပိုမို၍ လင်းအားကောင်းသော အရာဖြစ်သည်။ စာပေအလင်းရောင်ကြောင့် တိုင်းပြည်သည် တစ်ခဏချင်း လင်းထိန်သွားနိုင်သည်။ လူမျိုးသည် တောက်ပြောင် နိုင်သည်။ ဘာသာနှင့် သာသနာသည် ထိပ်တမ်းသို့ မြင့်တက်သွားနိုင်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်ကို ဖော်ပြသောအားဖြင့် စာပေ အလံတံခွန်ကို အမြင့်ဆုံးသို့ ရောက်အောင် မြှင့်တင်နေရမည်ဖြစ်သည်။

တနည်းအားဖြင့် စာပေသည် ပညာရပ်အားလုံးတို့၏ ကိုယ်စားပြု နာမ်စားတစ်ခုဖြစ်သည်။ စာပေကို လိုက်စားခြင်းဖြင့် ပညာရပ်အားလုံးကို တတ်သိနားလည်ပြီး အများအားကိုးထိုက်သည့် အကျိုးပြု ပညာတတ်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။ စာပေကြောင့် အသိအမြင်နှင့် ဘဝ အခြေအနေ တိုးတက် ပြောင်းလဲ သွားသူများ ကမ္ဘာတစ်ဝှမ်း၌ မြောက်များစွာရှိသည်။

ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါမှတ်သားဘွယ်ရာ နီတိဆန်သော စကားရပ်များကို မိန့်ကြားတော်မူခဲ့သည်။ ၄င်းတို့မှာ-

နတ္ထိ ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ) လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။

ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ) ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

ပညာ လောကသ္မိံ ပဇ္ဇောတော (သံ၊၁၊၄၁၊ပါ) ပညာသည် လောကကြီးအတွက် အကောင်းဆုံး အလင်းရောင်။

ထို့ပြင် စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ပညာမျက်စိ၊ အသိ၊ အမြင်၊ နားလည်မှုများရှိလျှင် ဘဝလွတ်မြောက်မှုကို ရနိုင်သည်ဟု အားပါးတရ မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် အမှောင်ကင်း ပျောက် သော လောကကြီးဖြစ်စေရန် အသိမှန် အမြင်မှန်ပေးနိုင်သော စာပေများကို ဦးစားပေးစနစ်ဖြင့် ဖတ်ရှုလေ့လာ ပြန့်ပွားအောင်ပြုလုပ်ရမည်ဖြစ်သည်။

သံယုတ်ပါဠိတော်၌ ခွန်အားကောင်းလိုသော် အစာအာဟာရကို လှူ၊ ရုပ်ရည်ကောင်းလိုသော် အဝတ်တန်ဆာကို လှူ၊ မျက်စိကောင်းလိုသော် အလင်းရောင်ကိုလှူ၊ ချမ်းသာကို အလိုရှိသော် ယာဉ်ရထားကို လှူ၊ ၄င်းသုံးမျိုးကို တစ်ပြိုင်နက် ရလိုသော် အရိပ် အာဝါသ ကျောင်း ဇရပ်ကို လှူ။ အသိဥာဏ်ကြီးလိုသော် တရား(ပညာ)ကိုလှူ (သံ၊၁၊၂၉၊ပါ) ဟု မြတ်စွာဗုဒ္ဓမိန့်တော် မူခဲ့သည်။ ထို့ကြောင့် အသိဥာဏ်ကြီးလိုက အသိဥာဏ်ကြီးကြောင်း ပညာရပ်များကို ဖြန့်ဝေခြင်း မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ပညာရပ်ကို ဖြန့်ဝေသည် ဆိုရာ၌ သင်ကြားခြင်း၊ သင်ယူခြင်း၊ တရားစကား ပြောခြင်း၊ နားထောင်ခြင်းများအပြင် စာအုပ်စာပေများ ပေး လှူခြင်းများလည်းပါဝင်သည်။

နံရံများ၏ ပဲ့တင်သံများသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းများဖြစ်သည်။ အလေး အပေါ့ အကျယ်အကျဉ်း အကောင်းအဆိုး အတိုးအမြင့်သည် မူလဘူတ ပြုလုပ်သူ၏ အင်အားနှင့် များစွာ သက်ဆိုင် သည်။ ဆိုလိုသည်မှာ လောက၌ အရာရာသည် အကြောင်းမဲ့ သက်သက်ဖြစ် နေခြင်းမဟုတ်ဘဲ အကြောင်းအကျိုး အားဖြင့် နှီးနွှယ် ဖြစ်ပျက်နေခြင်းဖြစ်သည်။ ထိုကို ပညာရှိ သူတော်ကောင်းများက ဇနေတိ သဒိသံ ပါကံ (အဘိ၊၃၆)

လောက၌ အရာရာသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းရှိသည် ဟု အလေးအနက် မိန့်ကြား တော်မူခဲ့ခြင်းဖြစ်သည်။ ။

No comments:

Post a Comment