အလင်းရောင်
ဝိပဿနာ အားမထုတ်ဘဲနဲ့ နေရွှေ့ ညရွှေ့ ရွှေ့ နေတာသည်ဥာဏ်ကမဦးဘဲနဲ့  အသေ ဦးသွားရင် ကိုယ့်အတွက် နာမည်။ မသိမူကြောင့်ဒုက္ခဖြစ် ၊ဒုက္ခဖြစ်တော့အမြစ်ထွက်၊ အမြစ်ထွတ်တော့အပင်ပေါက် ချာလည်ဒုက္ခရောက်

Wednesday 18 November 2009

အစစ်ဖြစ်ပြီလား

ဗုဒ္ဓဘာသာအစစ် ဖြစ်ပြီလား


ဗုဒ္ဓဘာသာအစစ် ဖြစ်သူဟာ သရဏဂုံသုံးပါးကို မမှိတ်မသုန် ယုံကြည်တဲ့သူလို့ အများ နားလည်ကြပါတယ်။ ဗုဒ္ဓဘာသာအစစ်ဖြစ်ဖို့ ဘယ်လို ယုံကြည်တာကို မမှိတ်မသုန် ယုံကြည်တယ်လို့ ဆိုတာကို တင်ပြပေးပါမယ်။
ဒီနေရာမှာ သရဏဂုံသုံးပါး ခံယူခြင်းကနေ စပြောပါ့မယ်။ သရဏဂုံဆိုတာ အပြောနဲ့ပြောနေတဲ့ ဘုရားပုံ၊ တရားသံ၊ ရဟန်းသံဃာကို ဆိုလိုတာ မဟုတ်ပါဘူး၊ ပုံတော်မှာ ကိန်းနေတဲ့... ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကို ခေါ်ဆိုတယ်လို့ မှတ်ရပါမယ်။ ယင်းသို့ ခံယူကိုးကွယ်ခြင်း

လူတန်းစားကလည်း ၂-မျိုး ၂-နည်း ရှိပါတယ်။

၁။ သရဏဂုံ ခံယူခြင်း သက်သက်မျှသာ လူတန်းစားက တစ်မျိုး၊

၂။ သရဏဂုံကို ယုံကြည်လေးစား ပွားများ ခံယူခြင်း လူတန်းစားက တစ်မျိုး၊

သရဏဂုံခံယူခြင်း သက်သက်မျှ လူတန်းစားဆိုတာက သရဏဂုံ ၃-ပါးရဲ့ ဂုဏ်တော်များကိုလည်း ဘာမျှမသိ၊ ရိုသေလေးစား အားထားမှုလည်း မရှိ၊ “ဣတိပိ သော ဘဂ၀ါ”လောက်ပဲ သာမန် သင်ယူ ကြားသိထားပြီးတော့ မိဘဘိုးဘွားတို့၏ ရိုးရာ ခံယူနေကျအတိုင်း ဘုန်းကြီးက ရှေ့ကဆိုပေးသလို “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် လိုက်ဆို ခံယူခြင်းမျိုးကို ခေါ်ဆိုပါတယ်။ ဥပမာပြရရင်---အနေကဇာတင်၊ ရှင်ပြု၊ ရဟန်းခံ၊ အိမ်တက်မင်္ဂလာ၊ ပရိတ်ရွတ်၊ မွေးနေ့ဆွမ်းကျွေးနဲ့ အသုဘအိမ်တိုင်းမှာ လူတွေ လိုက်လိုက်ပြီး ခံယူနေကြတဲ့ သရဏဂုံမျိုးလိုပါ။ ဂစ္ဆာမိ-ရုံနဲ့ ပြီးတာကို ဆိုလိုတာပါ။

၁-နံပါတ်သရဏဂုံခံယူသူ...

နံပါတ်-၁- သရဏဂုံခံယူတဲ့ လူတန်းစားက ဗုဒ္ဓ၊ ဓမ္မ၊ သံဃာမှာရှိတဲ့ ဂုဏ်တော် ကျေးဇူးတော်များကိုလည်း အရှိအတိုင်း ဘယ်ဟာမှ မည်မည်ရရ မသိပေမဲ့ သူတို့လုပ်စရာ ရှိတဲ့....
၁။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း ဒါနရယ်..
၂။ ခံယူဆောက်တည် ကျင့်သုံးခြင်း သီလရယ်..
၃။ ပရိတ်တရား နာယူခြင်း ဘာဝနာရယ်... ဒီအမှုမျိုးကိုတော့ အပြည့်အစုံပြုနေတာပါပဲ။ အဲသည်ထဲမှာ လောကချမ်းသာရေးအတွက် အမှန်လည်း ပါတယ်။ အလိမ်အညာခံ အမှားတွေကလည်း အများကြီးပါပါတယ်။
အခုဆိုခဲ့သလို ခံယူခြင်းမျှသာ သရဏဂုံရှိနေတဲ့ လူတန်းစာဟာ ဗုဒ္ဓဘာသာဝင်သူ အစစ်တို့ ရသင့်ရထိုက်တဲ့ ဗုဒ္ဓညွှန်ကြားချက်အရ လောကမှထွက်မြောက်ရာ ကောင်းကျိုး ချမ်းသာရေး အိုနာသေဘေးလွတ်ရာ အနှစ်သာရရှိတဲ့ သုခများကိုတော့ ထူးခြားစွာ ရယူ

ခံစား မသွားနိုင်ပါဘူး။ သွားနေကျလမ်းဖြစ်တဲ့ လူ၊ နတ်ဘ၀ လမ်းကိုပဲ စိုးရိမ်ခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေ၀ မီးလျှံတွေ ဆူညံစွာ သွားနေရမှာသာဖြစ်ပါတယ်။

၂-နံပါတ် သရဏဂုံခံယူသူ...
၂-နံပါတ်သရဏဂုဏ်အရ “ယုံကြည်လေးစား ပွားများခံယူမှု”ဆိုတာကတော့ ဘုရားဂုဏ်တော် -၉-ပါး၊ တရားဂုဏ်တော် -၆-ပါး၊ သံဃာ့ဂုဏ်တော် -၉-ပါးရဲ့ ပါဠိအနက်များကို အရကျက် နှုတ်တက်ဆောင်တယ်၊ ရွတ်ဖတ်တယ်၊ အဓိပ္ပါယ်ကို သိအောင်

ဆွေးနွေးမေးမြန်းတယ်။
သည်လောက်တွင် ရပ်မနေပဲ မိမိခံယူဆောက်တည် ကိုးကွယ်ဆည်းကပ်ထားတဲ့ ဘုရား၊ တရား၊ သံဃာ သရဏဂုံ-၃-ပါးမှာ မှန်ကန်စွာ အဟုတ်ရှိနေတဲ့ ဂုဏ်၏ ကြီးမားမြင့်မြတ်ပုံ ကယ်တင်နိုင်ပုံ နည်းနယကို သိထားဖို့နဲ့ ယင်းအကျိုးဖလ၏ တန်ဖိုးကို ရယူခံစားနိုင်ဖို့

ပြုလုပ်ကျင့်ကြံရေးကို အကြိမ်ကြိမ် အဖန်ဖန် စုံစမ်းမေးမြန်း ဆွေးနွေးနာယူတယ်၊ စိစစ် လေ့ကျင့်တယ်၊ သူပြော သူဖြေ သူရေးတာကို ဖတ်တာလောက်ကို ကြားသိယုံတင် မနေဘဲ မှတ်ကျောက်တင် ခံ /မခံ (သန္ဒိဋ္ဌိက) လက်တွေ့ခံစားရခြင်း ဂုဏ် ရှိ /မရှိ ကိုယ်တွေ့ဉာဏ်မြင်သိ ကျေနပ်မှုအထိ ၀ိပဿနာ တရားကို ကျင့်ကြံပွားများ အားထုတ်တယ်။
အဲဒါဟာ “သရဏဂုံကို ယုံကြည်လေးစားပွားများ ခံယူခြင်း” ၂-နံပါတ် လူတန်းစား ဗုဒ္ဓဘာသာအစစ်များရဲ့ မလုပ်မနေရှိတဲ့ ကိစ္စအချို့ပဲ ဖြစ်ပါတယ်။
နောက် လက်မခံဘဲ တော်လှန်ပယ်ရှား စွန့်ပစ်ရမည့် အမှားစွဲများကိုလည်း စွန့်ပယ်ထုတ်ပစ်လိုက်တယ်၊ ပြည့်စုံစွာ ဆောင်ယူထားရမည့် အမှန်တရားများကိုလည်း အပြည့်အစုံ ဆောင်ယူထားတယ်၊ အဲသည်လို အကြိမ်ကြိမ် အခါခါ အဖန်ဖန် အထပ်ထပ် အမှားပယ်

အမှန်ယူ ကိစ္စတို့ကို အပြည့်အစုံ ပြုလုပ်ပြီး သရဏဂုံ -၃-ပါး၏ ဂုဏ်ကျေးဇူးတော်များကို “သန္ဒိဋ္ဌိက” ကိုယ်တိုင်တွေ့သိ ဖြစ်လာတဲ့ အတိုင်း မှတ်ကျောက် တင်ခံသူဖြစ်တော့ ဘုရား၊ တရား၊ သံဃာတော်များအပေါ်မှာ မတုန်မလှုပ် ယုံကြည်လေးစားလာတယ်။

ဘယ်သူဘာပြောပြော ခိုင်မြဲသော ယုံကြည်ချက် မပျက်တော့ပါဘူး။
တကယ် ကိုယ်တိုင် ဘုရားရှေ့မှာ သို့မဟုတ် သံဃာတော်များထံမှာ ခံယူထားတဲ့ ငါးပါးသီလဟာလည်း မြဲလာတယ်။ ဒါထက်ပိုပြီး ရှစ်ပါးသီလ၊ ကိုးပါးသီလ ဥပုသ်သီတင်းများကိုလည်း စတင်ကျင့်သုံးလာတယ်။ မိမိအား မုချကောင်းကျိုး ချမ်းသာကို ပေးနိုင်တဲ့

ရတနာအစစ်ဖြစ်သော သရဏဂုံ -၃-ပါးမှ အခြားတစ်ပါးသော ဗေဒင်၊ နတ်၊ ဘိုးတော်၊ ၀ိဇ္ဇာစတဲ့ ဗုဒ္ဓဘာသာ(သမ္မာဒိဋ္ဌိ)နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက် လောကကြောင်း သက်သက် တစ်ဖက်သတ် တစ်လမ်းသွား ဆရာကြီးတို့အား ကိုးကွယ်ဆည်းကပ်မှု လုပ်ငန်းများကိုလည်း

အရင်က ရှိခဲ့ရင်တောင် ရပ်စဲ ပယ်စွန့် ထားလိုက်တယ်။
ထို့ကြောင့် ယင်းဆရာကြီးတဲ့စေခိုင်းချက် (ဗေဒင်ကျမ်းလာ) ဥုံ အံ မန္တန် မန္တရားများကိုလည်း မရွတ်ဖတ်တော့၊ ဓာတ်တက်၊ ဓာတ်ဆင်၊ ယတြာခွင်တွေလည်း မချေ၊ မပတော့ဘူး၊ မယုံကြည် မကိုးစားတောပါ့ဘူး။
ဗုဒ္ဓဂုဏ်တော်ဖြစ်တဲ့ “အရဟံ”အစစ်ရဲ့ ရှေ့နောက် ၀ဲယာမှာ ဥုံတွေ၊ သြောင်းတွေ သိဒ္ဓိတွေ စသည်ထည့်သွင်းကာ “ဥုံ အရဟံ သိဒ္ဓိ”စတဲ့ ပိဋကတ်တော် ဖျက်ဆီးမှု မိစ္ဆာသံတွေထည့်ပြီး မရွတ်ဖတ်တော့ဘဲ “အရဟံ”ဂုဏ်တော် သက်သက်ကိုသာ “အရဟံ, အရဟံ,

အရဟံ” (ကိလေသာရန် မြူမျှမကျန် အကုန်ကင်းစင်တော်မူသော မြတ်စွာဘုရား)ဟု သန့်ရှင်း ဖြူစင်စွာ ဗုဒ္ဓါနုဿတိဘာဝနာ (ဘုရားဂုဏ်တော်အစစ်ဖြစ်တဲ့) ကမ္မဋ္ဌာန်း စီးဖြန်း ပွားများ သတိထားနေတော့ပါတယ်။
မိမိစောင့်ထိန်း လုံးခြုံတဲ့ သီလာနုဿတိ (ကိုယ်စောင့်ထိန်းထားတဲ့ သီလဂုဏ်တော်)၊ စာဂါနုဿတိ (ကိုယ်လှူဒါန်းဘူး၊ လှူဒါန်းထားတဲ့ ဒါနဂုဏ်စသည်တို့ကိုသာ အောက်မေ့ သတိရကာ အကြိမ်ကြိမ် ပွားများဝမ်းသာ နေတော့တယ်။ ရတနာမြတ် သုံးပါးမှ တစ်ပါး

အိမ်ပေါ်တင်ဆွဲ ကိုးကွယ်ထားစရာ တခြားဟာတွေကိုမှလည်း မရှာဖွေတော့ပါဘူး။
အဲဒီနည်းတွေနဲ့ အဆင့်ဆင့် တက်ပြီး အထက်ထက် တရားတွေကို ဆက်လက်ကျင့်ဆောင် သွားတော့ကာ ဗုဒ္ဓဘာသာဝင် (သမ္မာဒိဋ္ဌိ) သူတော်စင်တို့ ရသင့် ရထိုက်တဲ့ အနှစ်သာရ အကျိုးဖလ သုခချမ်းသာကျိုးတွေ ခုဘ၀မှာရော နောင်ဘ၀များစွာတို့အတွက်ပါ

ခံစားရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အပေါ်မှာ သုန်းနှုန်းပြောခဲ့တဲ့ “ဗုဒ္ဓဘာသာ (သမ္မာဒိဋ္ဌိ)ဆိုတာကတော့... ဗုဒ္ဓဘာသာဝင် အစစ်တို့ ရယူခံစားခွင့် အနှစ်သာရချမ်းသာသုခ အကျိုးမျိုးစုံဆိုတာက သူ့သက်သက် အလိုလိုမိုးပေါ်က ကျလာတာမျိုးလည်း မဟုတ်ဘူး၊

တစ်စုံတစ်ယောက်သော တန်ခိုးရှင်သိဒ္ဓိရှင်က စီမံဖန်ဆင်းပေးလို့ ရတာမျိုးလည်း မဟုတ်ဘူး။ ဗုဒ္ဓဘုရားမြတ်စွာ ညွှန်ကြားစေခိုင်းချက်အတိုင်း....
ပုညံဝ သုခံ ဇနေတိ၊
အပုညံ ဒုက္ခံ ဇနေတိ၊
တသ္မာ ပုညံဝ ကာတဗ္ဗံ၊
အပုညံ န စ ကာတဗ္ဗံ။
ဗုဒ္ဓမြတ်စွာရဲ့ ဆိုလိုချက်က “ကောင်းကံ လုပ်ရင် ကောင်းကျိုးချမ်းသာ သုခအမျိုးမျိုး မုချရမည်၊ မကောင်းကံ လုပ်ရင် မကောင်းကျိုး ဆင်းရဲ့ ဒုက္ခ အမျိုးမျိုးတွေ မုချရမည်၊ ဒါကြောင့် ကောင်းမှုကုသိုလ် “ပုည”ကို လုပ်ပါ၊ မကောင်းမှု အကုသိုလ် “အပုည”ကို မလုပ်နဲ့--ဒါပါပဲ”။
မိမိပြုလုပ်တဲ့ (စေတနာ)ကောင်းကံ၊ မကောင်းကံ၏ အကြောင်းအလိုက် ထိုက်တန် သလောက် ဖြစ်ပေါ်ခံစား ရယူနိုင်မည့် ၀ိပါက်၊ ကောင်းကျိုးပေး၊ မကောင်းကျိုးပေး သဘောပဲလို့ ကိုယ့်အလုပ်ကံကိုသာ စွဲမြဲ ယုံကြည်ထားရမှာ ဖြစ်ပါတယ်။
အဲဒါကို ကမ္မ၀ါဒီ (ကိုယ်လုပ်တဲ့ အလုပ်ကို ယုံကြည်တဲ့ “အလုပ်သမားဝါဒ”)လို့ ခေါ်ပါတယ်၊ ကယ်တင်ရှင် သူတစ်ပါးကို အားမကိုးနဲ့ “အတ္တာဟိ အတ္တနော နာထော” ကိုယ့်ကိုယ်ကို အားကိုး၊ ကောင်းတဲ့ ကုသိုလ်တရားများ ကြိုးစား လုပ်ပါ၊ အဲဒီ လုပ်ရပ်တွေသည်

ဗုဒ္ဓဘာသာ အစစ်တစ်ယောက် ဖြစ်ဖို့ ဘုရားအလိုတော်ကျ ဘုရားဟောဖော် လမ်းညွှန်ချက်များ ဖြစ်ပါတယ်ဆိုတာကို တင်ပြလိုက်ပါတယ်။

ကျမ်းကိုး--
ပါထိက၀ဂ်ပါဠိတော်
ဓမ္မပဒပါဠိတော်
သမ္မာဒဿနပဉှာကျမ်း

No comments:

Post a Comment