အလင်းရောင်
ဝိပဿနာ အားမထုတ်ဘဲနဲ့ နေရွှေ့ ညရွှေ့ ရွှေ့ နေတာသည်ဥာဏ်ကမဦးဘဲနဲ့  အသေ ဦးသွားရင် ကိုယ့်အတွက် နာမည်။ မသိမူကြောင့်ဒုက္ခဖြစ် ၊ဒုက္ခဖြစ်တော့အမြစ်ထွက်၊ အမြစ်ထွတ်တော့အပင်ပေါက် ချာလည်ဒုက္ခရောက်

Wednesday 2 March 2011

ဝန်ထမ်းနှင့် နတ်ပြည်

မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက်ရှိပါတယ်။ သူက ” နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။

ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ရက်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။

ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကိုကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီ့းပွားရေးအလုပ်တွေနဲ့ ရှုတ်နေတဲ့အတွက် သတိမထားမိပါဘူး။
တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာ တွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။

” ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ် ဆွမ်းခံကြွရဲ့လား”

” အခုတလော မကြွဖြစ်ကြပါဘူး”

”ဟင် ဘာဖြစ်လို့လဲ”

” အခုတလော ရက်ကွက်မှာ သူခိုးတွေ ကပ်ကပ်နေတယ်။ ဒါကြောင့် အိမ်တံခါးကို အမြဲသော့ခတ်ထားရတယ်”

” အို ဖြစ်မှဖြစ်ရလေ စောစောက ပြောရောပေါ့။ ဆွမ်းဒါန ကုသိုလ်ကတော့ မရလို့မဖြစ်ဘူး။ ဆွမ်းလောင်းနိုင်အောင်တော့ စီစဉ်ပေးပါဦးမယ်။

အိမ်ရှင် သူဌေးကြီးက အိမ်ရှင်မကို အဲလိုပြောပြီး သူနဲ့သိကျွမ်းတဲ့ လူငယ်ကောင်လေးတစ်ယောက်ဆီသွားပါတယ်။ လူငယ်လေးကို တွေ့တော့ အကျိုးအကြောင်းပြောပြပြီး

” မောင်ရင်လေးရယ် ဦးတို့တံခါးကို အထူးလုံခြုံအောင် စောင့်ပေးပါ။ ရဟန်းသံဃာတွေ ကြွလာတဲံအခါ တံခါးဖွင့်ပေးပြီး၊ သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါ တံခါးကို သေချာပြန်ပိတ်ပေးပါ။ မောင်ရင်လေးအတွက်လည်း လခများများ ပေးပါ့မယ်” လို့ ပြောလိုက်ပါတယ်။

လူငယ်ကောင်လေးကလည်း ” ကျွန်တော် ဦးတို့ စိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ်” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီလိုနဲ့ လူငယ်လေးဟာ သူဌေးကြီးအိမ်မှာ တံခါးစောင့်ရာထူး ရသွားရောပဲ ဆိုပါတော့ အလုပ်ဝင်ကတည်းက လူငယ်လေးဟာ သူရဲ့စိတ်ကို အထူးပဲစောင့်ရှောက်ထားပါတယ်။ အထူးသဖြင့် သူရဲ့ကိုယ်အမူအရာတိုင်းကို သတိကပ်ထားပါတယ်။

ရဟန်းသံဃာတွေ ကြွလာလို့ တံခါးဖွင့်ရပြီဆိုရင် လူငယ်လေးက ” ငါရဲ့ တံခါးဖွင့်ပေးမှုကြောင့် ရဟန်းသံဃာတော်တွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆွမ်းခံကြွ ဘုဉ်းပေးနိုင်ပါစေ။ အိမ်ရှင် မိသားစုတွေလည်း ကုသိုလ်ဝတ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြုနိုင်ကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွှတ်ညွှတ်ပြီး ဖွင့်ပေးပါတယ်။ ဒီလိုပါပဲ တံခါးပြန်ပိတ်တဲ့ အခါမှာလည်း မေတ္တာစိတ်ကလေးကို သေချာညွှတ်ပြီး ပြန်ပိတ်ပါတယ်။ သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါမှာလည်း ဆွမ်းစားဖို့အတွက် ကူလုပ်ပေးပြန်ပါတယ်။ ကူလုပ်နေတဲ့အခါတိုင်း အလုပ်တစ်ခုလို သဘောမထားပဲ၊ ကုသိုလ်တွေပဲလို့ သဘောထားပြီး မေတ္တာစိတ်ကလေးကို အထူးညွှတ်ပြီး ကူပါတယ်။ သံဃာတော်တွေ ဆွမ်းစားပြီးလို့ သရဏဂုံသီလပေးတဲ့အခါ ၀င်ယူသလို၊ တရားဟောပြီးလို့ အလှူရှင်ဖြစ်တဲ့ အိမ်ရှင်တွေက ရေစက်ချအမျှပေးဝေတဲ့ အခါမှာလည်း စိတ်ကလေးကို အထူးပဲ သတိကပ်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။

အလုပ်တိုင်းကို အလုပ်လို သဘောမထားပဲ ကုသိုလ်တွေလို နှလုံးသွင်းထားမိတဲ့အတွက် လုပ်နေရတဲံအလုပ်ကို ပင်ပန်းတယ်လို့ အာရုံမပြုမိတော့သလို ” ငါက ဒီအိမ်မှာ တံခါးစောင့်ရတဲ့ အနိမ့်ဆုံးရာထူးပဲ” ဆိုပြီးလည်း သိမ်ငယ်မနေတော့ပါဘူး။

ဒီလိုနဲ့ သေလွန်ကြတဲ့အခါမှာတော့ အိမ်ရှင်အမျိုးသားကြီးဟာ ယာမာနတ်ပြည်မှာ သွားဖြစ်ပါတယ်။ တံခါးစောင့်လူငယ် လေးကတော့ တာဝတိံသာနတ်ပြည်မှာ အလွန်လှတဲ့ ရွှေဗိမာန်ကြီးနဲ့ သွားဖြစ်ပါတယ်။ အလွန်လှတဲ့ နတ်သမီးတွေကလည်း တစ်ဖက်ငါးရာနဲ့ပါ။ နတ်သမီးလေးတွေက သူ့ကို ဘယ်လိုခေါ်ကြသလဲဆိုတော့ ” ကိုကို တံခါးစောင့်နတ်သာလေး” တဲ့။ လူပြည်က တံခါးစောင့်ဘ၀ကနေ ရောက်လာတဲ့အတွက် ” ကိုကို တံခါးစောင့် နတ်သားလေး” လို့ ခေါ်ကြတာပါ။

ကျန်တဲ့ဝန်းကျင် နတ်သားတွေကလည်း တံခါးစောင့် နတ်သားလေးလို့ပဲ ခေါ်ကြပါတယ်။ နတ်သားတစ်ဖြစ်လဲ လူငယ်ကလေးကလည်း သူ့ကို တံခါးစောင့်နတ်သားလေးလို့ ခေါ်ကြတာကို လုံးဝစိတ်မဆိုးပါဘူး။
အဲဒီလိုခေါ်တဲ့အတွက် သူ့ကိုယ်သူ ပိုတောင်ဂုဏ်ယူပါသတဲ့။ သူရဲ့ သာမန်တံခါးစောင့်အလုပ်ကလေးက ဒီဘ၀ရောက်အောင် ပို့ပေးလိုက် လို့ပါတဲ့။ ဒီစာရေးနေဆဲ၊ ဒီစာဖတ်နေဆဲမှာ တံခါးစောင့်နတ်သားလေးကတော့ နတ်သမီးတစ်ဖက်ငါးရာနဲ့ တာဝတိံသာနတ်ပြည်မှာ ဒီနေ့ ဒီအချိန်ထိ ပျော်ရွှင်ဆဲ ရှိချင်ရှိနေဦးမှာပါပဲ။

ခန္ဓာရှိနေတဲံအတွက် မိသားစုရှိနေတဲ့အတွက် အရွယ်ရောက်လာရင် ၀န်ထမ်းတော့ လုပ်ရမှာပါ။ ပုဂ္ဂလိက၀န်ထမ်းပဲဖြစ်ဖြစ်၊ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။

ဒီတော့ ကိုယ်က ဘယ်လိုဝန်ထမ်းပုံစံမျိုးနဲ့ ဖြတ်သန်းမလဲ။

ကိုးနာရီခွဲ ဆယ်နာရီလောက် ရုံးတက်၊ လေးနာရီခွဲလောက် ရုံးဆင်း၊ ရုံးချိန် အလုပ်အားတဲ့အချိန်တွေမှာ စုစု စုစုနဲ့ သူတစ်ပါးအတင်းပြော၊ ကိုယ့်ထက်သာသွားတဲ့လူကို မနာလို ဣသာမစ္ဆရိယဖြစ်၊ ၀န်ထမ်းဘ၀ကို အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းမလား ?

အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းရင်တော့ သေတဲ့အခါ အထက်မတက်ဘဲ အောက်စိုက်သွားနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်ရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ လူ့ဘ၀ကိုရထားတာပါ။ နိဗ္ဗာန်မရသေးရင်တောင် ဘ၀ကို အဓိပ္ပါယ်ရှိရှိလေးတော့ နေသွားဖို့ကောင်းပါတယ်။

အဲဒီအတွက် အဓိကကတော့ စိတ်ကလေးပါပဲ။ ကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ မကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ ဒီတော့ ကိုယ့်ရဲ့စိတ်ကလေးကို မြင့်မြတ်တဲ့လမ်းကြောင်းလေးပေါ်ကို တင်ပေးလိုက်ရုံပါပဲ။

အသိကောင်လေးတစ်ယောက်ရှိပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ လုပ်ပါတယ်။ သူက ဆောင်ပုဒ်တစ်ခုကို အသေလက်ကိုင်ထားပါတယ်။ သူရဲ့ဆောင်ပုဒ်က” ကောင်းတဲ့စိတ်ထားရင် ကောင်းတဲ့အကျိုးပေးမယ်၊ မကောင်းတဲ့ စိတ်ထားရင် မကောင်းတဲ့အကျိုးပေးမယ်” ဆိုတဲ့ ဆောင်ပုဒ်ကလေးပါ။

ဒီဆောင်ပုဒ်ကလေးကို သူက တစ်နေ့သုံးကြိမ်လောက်ရင်ထဲရောက်နေအောင် နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ အဲဒီဆောင်ပုဒ်ကလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါသတဲ့။ ဒီတော့ သူအနေနဲ့ ရာထူးလေးတွေ ဆင့်ကဲ ဆင့်ကဲ တိုးတိုးသွားခဲ့ပါတယ်။
ပြီးတော့ ကုမ္ပဏီရဲ့စရိတ်နဲ့ပဲ အပြင်သင်တန်းတွေပါ တက်ခွင့်ရပါတယ်။ ဒါပေမယ့် သူနဲ့ အတူတူ အလုပ်ဝင်ဖက်တစ်ယောက်ကတော့ သူ့အပေါ် အမြဲ သ၀န်တိုနေပါသတဲ့။

အဲဒီဝန်တိုနေတဲ့ သူနဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဟာ ရာထူးက တိုးတိုးမလာဘဲ ဒုံရင်းဒုံရင်းအတိုင်းပါပဲတဲ့။

ဒါကိုကြည့်ပြီး သူက ဘယ်လိုထပ်နှလုံးသွင်းပြန်သလဲဆိုတော့ “ကောင်တဲ့ စိတ်ထားရင် ကောင်းတဲ့ အကျိုးပေးတယ်၊ မကောင်းတဲ့စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးတယ်” လို့ နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ နှလုံးသွင်းတဲ့ နေရာမှာ သူတစ်ပါး ရာထူးမတက်တာကို ၀မ်းသာစိတ်နဲ့ နှလုံးသွင်းတာ မဟုတ်ဘဲ မကောင်းတဲ့စိတ်ရဲ့ ဆိုးကျိုးကို သံဝေဂစိတ်နဲ့ နှလုံးသွင်း ဆင်ခြင်တာပါတဲ့။

ကောင်လေးက သူ့ရဲ့ လက်တွေ့ဘ၀နဲ့ အသုံးတည့်နေလို့ ဆင်ခြင်နေပေမယ့် သူဆင်ခြင်နေတဲ့ ဆောင်ပုဒ်ကလေးက ဘယ်ပါဠိက လာတယ်ဆို တာတော့ သူ မသိပါဘူးတဲ့။ တကယ်တော့ ပါဠိကို သိတာမသိတာက သိပ်ပြီး အရေးမကြီးလှပါဘူး။ ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေရင် ပြီးတာပါပဲ။

ဒါပေမဲ့ စာဖတ်သူတွေကတော့ ပါဠိလေးကို ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။

ကုသလံ အန၀ဇ္ဇ သုခ ၀ိပါက လက္ခဏံ - ကုသိုလ်ဟာ အပြစ်ကင်းပြီး ကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။

အကုသလံ သာဝဇ္ဇ ဒုက္ခ ၀ိပါက လက္ခဏံ - အကုသိုလ်ဟာ အပြစ်နှင့်တကွ မကောင်းကျိုးကိုပေးခြင်း လက္ခဏာရှိတယ်။

ဒါက ပါဠိရှိတဲ့ အတိုင်း တိုက်ရိုက် မြန်မာပြန်ပေးတာပါ။ တကယ်လို့ ကိုယ်က ပါဠိလေးပါတွဲပြီး ဆင်ခြင်ချင်တယ်ဆိုရင် ဆင်ခြင်လို့ ရအောင်ပါ။

ဘယ်လိုပဲ ဆင်ခြင်ဆင်ခြင် ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေဖို့ပဲ အရေးကြီးတယ်။

ပုထုဇဉ်တစ်ယောက်မှာ သိဖို့ရယ်၊ ကျင့်ဖို့ရယ်ဆိုပြီး အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမ သိအောင် လေ့လာရပါမယ်၊ ဒုတိယ အသိကို အခြေခံပြီး လက်တွေ့ကျင့်သုံး ကြည့်ရပါမယ်။

ကဲ--- ဥပမာ ထားပါတော့။ မြန်မာ့အသံက ဆေးပညာရပ်ဆိုင်ရာ တစ်ခုကို ထုတ်လွှင့်တော့မယ် ဆိုပါစို့။ အသံလွှင့်ဖို့ အတွက် တစ်ယောက်တည်းလွှင့်လို့မရပါဘူး။ အနည်းဆုံး ၀န်ထမ်းနှစ်ဆယ်ကျော်လောက်နဲ့ လုပ်ကြရတော့မှာပါ။ အသံလွှင့်ဖို့ ဆေးပညာဆိုင်ရာစာစုကို ကွန်ပျူတာစာစီမယ်၊ စာစီတဲ့သူကလည်း ” ငါစီလိုက်တဲံစာလေးတွေဖတ်ပြီး ပြည်သူ ပြည်သားတွေ ဆေးပညာဗဟုသုတလေးတွေရပြီး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ” ဆိုပြီး မေတ္တာစိတ်ညွှတ်ပြီး စာစီမယ်ဆိုရင် ကုသိုလ်တွေဖြစ်နေတာပါ။

ဒီလိုပါပဲ အသံလွှင့်ချက်ကို ဖတ်ကြားမယ့်သူ၊ အသံဖမ်းမယ့်သူ၊ စက်ကိုကြီးကြပ်မယ့်သူ၊ မီးကိုဂရုစိုက်ပြီး ကြည့်ပေးမယ့်သူ၊ အသံလွှင့်နေတုန်း ၀င်တံခါးကို စောင့်ပေးနေမယ့်သူ စသည်ဖြင့် အများကြီးပါပဲ။

အသံလွှင့်ဖို့ စီစဉ်အားထုတ်သူအားလုံးဟာ အလုပ်လုပ်နေကြဆဲမှာ ” ငါတို့ထုတ်လွှင့်တဲ့ ဆေးပညာဗဟုသုတတွေ ရကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွှတ်ပြီး လွှင့်နေရင် မေတ္တာကုသိုလ်တွေ တစ်လှေကြီးရနေတာပါပဲ။

ဒီလိုကောင်းတဲ့စိတ်ကလေးဖြစ်နေတဲ့အတွက် ကောင်းကျိုးတွေကလည်း ဆင့်ကဲဆင့်ကဲ ဖြစ်နေမှာဖြစ်သလို သေလွန်တဲ့အခါမှာလည်း နတ်ပြည်မှာ နတ်သမီး တစ်ဖက်ငါးရာက အသင့်ကြိုနေဦးမှာပါ။ ကိုယ်က အမျိုးသမီးဆိုရင်လည်း နတ်သမီးလှလှလေး ဖြစ်ရဦးမှာပါ။

နောက်အကျိုးတစ်ခုကတော့ အဘိဓမ္မာသဘောတရားအရ စိတ်ဆိုတာ အာရုံနှစ်ခုယူလို့ရတာ မဟုတ်တော့ မေတ္တာစိတ်ကလေးဖြစ်နေတဲ့အချိန်မှာ ၀န်ထမ်းအချင်းချင်း တစ်ဦးပေါ်တစ်ဦး မနာလိုဝန်တိုတတ်တဲ့ ဣဿာမစ္ဆရိယ စိတ်လည်း ဖြစ်မနေတော့ပါဘူး။ မကောင်းတဲ့စိတ်က ကိုယ့်သန္တာန်မှာ ရှိမနေတဲ့အတွက် နေရထိုင်ရ လုပ်ရကိုင်ရတာလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ရွှင်နေတတ်ပါတယ်။ စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။

အဲဒီအရသာဟာ ဘာနဲ့မှ လဲလို့မရပါဘူး။

အလုပ်အားနေတဲ့အချိန်လေးတွေမှာလည်း တံမြက်စီးလှည်းနေမယ်၊ ပြတင်းပေါက်တံခါးတွေကိုလည်း အ၀တ်စုတ်ကလေး တစ်ခုနဲ့ ဖုန်လိုက်သုတ်ပေးနေလိုက်မယ်၊ သောက်ရေးအိုးတွေကို ရေဖြည့်မယ်၊ သောက်ရေခွက်ကလေးတွေကို တိုက်ချွတ်ဆေးကြောမယ်၊ အများသုံးအိမ်သာကိုလည်း သန့်ရှင်းရေး သွားလုပ်ပေးနေလိုက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန် ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။

နောက် အပိုအဆစ်တစ်ခုအနေနဲ့ ရုံးဆင်းခါနီးမှာလည်း ” ဒီနေ့ပြုသော ကုသိုလ်အဖို့ကို ဤရုံးကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အပေါင်းအားလည်းကောင်း၊ ဤမဟာပထ၀ီမြေကြီးကို စောင့်ရှောက် နေကြသော နတ်ကောင်း နတ်မြတ်အပေါင်းအားလည်းကောင်း အမျှ၊ အမျှ၊ အမျှ ပေးဝေငှပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါ” လို့ နတ်ကောင်း နတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး။

တကယ်လို့ ဘ၀မှာ အခက်အခဲတစ်စုံတစ်ရာနဲ့ ကြုံလာတဲ့အခါ ကိုယ်နေ့စဉ် အမျှပေးဝေခဲ့တဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး အကူအညီတောင်းလို့လည်း ရပါတယ်။ အမျှပေးဝေထားတဲ့ နတ်ကောင်း နတ်မြတ်တွေ ကလည်း ကူညီ မစမှာပါ။

ရေသောက်တဲ့အခါတိုင်း” ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက် ရုံးသူရုံးသားတွေလည်း စိတ်ကော ရုပ်ကော အေးမြကြပါစေ” လို့ မေတ္တာပို့သောက်မယ်၊ အားတဲ့အခါလေးတွေမှာလည်း မျက်လုံးလေးမှိတ်ပြီး ” ဒီရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရုံးသူ ရုံးသားအားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ အစစအရာရာ အဆင်ပြေကြပါစေ” လို့ ကိုယ့်ရဲ့ရုံးသူ ရုံးသားတွေကို သီးသန့် သီးခြားလေး ၀တ်တစ်ခုလိုထားပြီး မေတ္တာပို့ပေးနေလိုက် မယ်ဆိုရင်လည်း ကုသိုလ်တွေဖြစ်နေတာပါ။ ကိုယ်က သူတို့ရဲ့ မေတ္တာကို လိုချင်ရင် ကိုယ်က အရင်ပေးရမှာပါ။

တွေ့ကြဆုံကြတယ်ဆိုတာလည်း တကယ့်ခဏလေးပါ။ တစ်သက်လုံး တွေ့မနေကြပါဘူး၊ အချိန်စေ့တော့လည်း ခွဲကြရမှာပါ။ တွေ့ခိုက်ဆုံခိုက်လေးမှာ မေတ္တာနဲ့ နေကြတာတော့ အကောင်းဆုံးနေထိုင်မှုပါပဲ။

အဲဒီလိုမှ မဟုတ်ဘဲ မထားသင့်တဲ့စိတ်တွေထားပြီး သေသွားရင် ရောက်ရမယ့်ဂတိက သိပ်ပြီးမကောင်းနိုင်ပါဘူး။

ကုသိုလ်ဆိုတာ ရှင်တစ်ထောင် ရှင်တစ်သောင်းပြုပေးမှ၊ ကျောင်းဆောင်ကြီးတွေ ဆောက်လှူမှ ကုသိုလ်မဟုတ်ပါဘူး၊ စားဝတ်နေရေးအတွက် လုပ်နေရတဲ့ အလုပ်တွေဟာလည်း စိတ်ထားတတ်ရင် ကုသိုလ်တွေပါပဲ။ ဘာမှ မခက်လှပါဘူး။ ကိုယ့်စိတ်ကလေးကို အမည်လေးပြောင်းတပ် ပေးလိုက်ရုံပါပဲ။ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြောင်းပေးရတာဆိုတော့ ဘာမှလည်း မပင်ပန်းပါဘူး။

အရာဝတ္တုတော်တော်များများကို စိတ်ကပဲ နာမည်တွေလိုက်တပ်ထားတာပါ။ စိတ်တပ်ထားတဲ့ နာမည်လေးတွေကို ကိုယ်က သတိနဲ့ပြန်ပြီး နာမည်လေး ပြန်ပြောင်းတပ်လိုက်ရုံပါပဲ၊ ရုံးမှလုပ်နေရတဲ့ အလုပ်တွေကို ဒါတွေဟာ ကုသိုလ် တွေလို့ နာမည်ပြောင်းတပ်လိုက်ရုံပါပဲ။ မခက်ပါဘူး။

အဲဒီလိုသာ ကိုယ့်စိတ်ကလေးကို ကျင့်ကျင့်ပေးသွားရင် မကြာခင်မှာ စိတ်ထားမြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။ စိတ်ထားမြင့်မြတ်တဲ့ သူကို နေရာတိုင်းက လိုချင်ကြပါတယ်။

ဒီလိုပါပဲ။ အကျင့်ဆိုတာ ကျင့်ကျင့်ပြီး ယူသွားရတာပါပဲ။ အကျင့်ဆိုတာ ကျင့်ပါများသွားရင် အထုံဖြစ်သွားတတ်ပါတယ်။ အထုံဖြစ်သွားပြီဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ဘဲ ဘာပဲလုပ်လုပ် အလိုလိုမေတ္တာစိတ်ကလေး ညွှတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ မေတ္တာစိတ်ရှိနေတဲ့ သူရဲ့မျက်နှာဟာ ကြည်ပြီး သိပ်သိသာနေတတ်ပါတယ်။ မျက်နှာကြည်နေတဲ့ အတွက် မြင်ရတဲ့လူတိုင်းကလည်း အလိုလိုချစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ သေတဲ့အခါကျရင်လည်း နတ်ပြည်ကို ရောက်ရဦးမှာပါ။

ကဲ စာဖတ်သူ၊ မနက်ဖြန်ကစပြီး ရုံးတက်ရင် ဘာပဲလုပ်လုပ် မေတ္တာစိတ်ကလေးညွှတ်ပြီး လုပ်တော့နော်၊ ရာထူးတွေ မြန်မြန်တိုးပြီး လူချစ်လူခင် များသွားအောင်လို့ပါ၊ ပြီးတော့ သေတဲ့အခါမှာလည်း တာဝတိံသာနတ်ပြည်မှာ ….. လို့ပါ။

ကျမ်းကိုး

(၁) ၀ိမာန၀တ္တု အဌကထာ

ဒွါရပါလက ၀ိမာန၀တ္တု

(၂) ၀ိမာန၀တ္ထုတော်ကြီး

မြို့မိဆရာတော်

Thursday 18 February 2010

ဘုရားရှင်၏ ဉာဏ်တော်

၁။ ဌာနာဌာန ကောသလ္လ ဉာဏ်တော်
အကြောင်းဟုတ်၊ မဟုတ်ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊ မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

၂။ ဝိပါက ဉာဏ်တော်
ကောင်းကျိုး ၊ မကောင်းကျိုးကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု) ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

၃။ သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဉာဏ်တော်
သတ္တ၀ါတို့လားရာ ၊ရောက်ရာကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

၎။ အနေကဓာတု နာနာဓာတု ဉာဏ်တော်
အထူးထူးသော ဓာတ်သဘောများကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(အထက်ပါ ဉာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (ဝါ) ကမ္မဋ္ဌာန်းပေးရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

၅။ နာနာဓိမုတ္တိက ဉာဏ်တော်
သတ္တ၀ါတို့၏ ဆန္ဒအလိုကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

၆။ ဣနြ္ဒိယ ပရောပရိယတ္တိ ဉာဏ်တော်
လူ၊ နတ်၊ ဗြဟ္မာတို့၏ ဣနြေ္ဒအနုအရင့်ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်းကို ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူသည်။)

၇။ ဈာနဝိမောက္ခ သမာဓိသမာပတ္တိ (ဝါ) ဈာနဒိသံကိလေသ ဉာဏ်တော်
ဈာန်၊ ဝိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(ဤဉာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့်သည်ဆိုလျှင် ဝေးကွာသောအရပ်သို့ပင် ကြွရောက် တော်မူပါသည်။)

၈။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်
ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို မဖောက်မပြန် ဧကန်မယွင်းသိမြင်တော်မူခြင်း။
(ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။)

၉။ စုတူပပါတ (ဝါ) ဒိဗ္ဗစက္ခု ဉာဏ်တော်
သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း၊ စုတေခြင်းတို့ကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။)

၁၀။ အာသ၀က္ခယ ဉာဏ်တော်
အာသဝေါတရား၊ ကိလေသာမာန် ဘေးရန်ခပင်းကုန်ခန်းခြင်းကို မဖောက်မပြန် ဧကန်မယွင်း သိမြင်တော်မူခြင်း။
(သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည်။

Friday 25 December 2009

၅၂၈ ၁၅၀၀

မေတ္တာရဲ့ အဓိပ္ပါယ်နဲ့ ၅၂၈ မေတ္တာ ၁၅၀၀ မေတ္တာတို့ရဲ့ ခြားနားမှူ



မေတ္တာဟူသည် ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းဟု အဓိပ္ပါယ် ရပါတယ်။ မိမိနှင့်တကွ အခြားသူတို့အား ကောင်းကျိုးဖြစ်အောင်၊ ကျန်းမာချမ်းသာအောင် စသည်ဖြင့် ဆုတောင်းပေးခြင်း၊ ပွားများပေးခြင်းကို မေတ္တာပို့တယ်၊ မေတ္တာပွားတယ်လို့ ဆိုကြပါတယ်။ ဒီလိုမေတ္တာပွားရာမှာ နှစ်မျိုးနှစ်စားရှိပါ တယ်။ အစွဲပါတဲ့ မေတ္တာပွားမှုနဲ့ အစွဲကင်းပြီး ဖြူစင်သန့်ရှင်းတဲ့ မေတ္တာပွားမှုပါ။ ဒီလိုအစွဲကင်းပြီးဖြူစင် သန့်ရှင်းတဲ့မေတ္တာမှသာလျှင် စစ်မှန်တဲ့မေတ္တာဖြစ်ပြီး အစွဲကင်းစွာနဲ့ ပွားများ၊ ပို့သတဲ့ မေတ္တာမျိုးမှသာလျှင် ဖြူစင်တဲ့ မေတ္တာဘာဝနာ ဖြစ်ပါတယ်။ ဒီမေတ္တာဟာ တစ်ခုချင်း၊ တစ်ချက်ချင်း ပွားများမယ်ဆိုရင် (၅၂၈)ချက် ရှိပါတယ်။ အဲဒါကိုပဲ မြန်မာလို ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာဟု အလွယ်ပြောဆိုခြင်းဖြစ်ပါတယ်။

အချို့က အလွဲနားလည်နေတာလေးတွေ ရှိပါတယ်။ မိဘနဲ့သားသမီးများရဲ့အချစ်၊ ဆရာနဲ့တပည့်တို့ရဲ့မေတ္တာ၊ ညီအစ်ကိုမောင်နှစ်မတို့ရဲ့ မေတ္တာတွေဟာ ၅၂၈ မေတ္တာတွေပါတဲ့။ တကယ်တော့ ဒီမေတ္တာဟာ ဖြူစင်တဲ့ ငါးရာ့နှစ်ဆယ့်ရှစ်မေတ္တာလို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် အစွဲလေးတွေရှိနေလို့ပါ။ ဆိုကြပါစို့ မိဘက သားသမီးတွေကို မေတ္တာပို့တဲ့အခါ “ငါ့သားလေး၊ ငါ့သမီးလေး ကျန်းမာပါစေ၊ ဘေးရန်းကင်းပါစေ” စသည်ဖြင့် ပို့ကြပါတယ်။ အဲလိုပဲ သားသမီးက မိဘ၊ ဆရာက တပည့်၊ တပည့်ကဆရာ၊ ညီအစ်ကိုမောင်နှစ်မ အချင်းချင်း စသည်စသည်တို့မှာ မေတ္တာပို့တဲ့အခါ ငါဆိုတဲ့အစွဲ၊ အတ္တလေးတွေပါနေတဲ့အတွက် ဖြူစင်တဲ့ ၅၂၈မေတ္တာအစစ်လို့ ပြောလို့မရပါဘူး။ မေတ္တာလို့တော့ ပြောလို့ရတာပေါ့။ တကယ့် ၅၂၈ မေတ္တာမျိုးဆိုတာ ပို့လိုက်တိုင်း ပို့လိုက်တိုင်းမှာ ကိုယ့်အတွက်မပါပါဘူး။ ငါစွဲမပါပါဘူး။ ၅၂၈မေတ္တာပွားပုံလေးကို ဥပမာပြောရရင် “သတ္တ၀ါအားလုံး ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ကြောင့်ကြမှုကင်းကြပါစေ၊ ညှင်းပန်းနှိပ်စက်မှုကင်းကြပါစေ၊ ချမ်းသာစွာ မိမိကိုယ်ကိုဆောင်ရွက်နိုင်ကြပါ
စေ” စသည်ဖြင့် ပွားများရတဲ့မေတ္တာမျိုးပါ။ ဆိုတော့ကား ဒီပွားများပုံလေးကို ကြည့်ကြည့်ပါ။ ငါ့အတွက်မပါ။ ငါစွဲမပါပါ။ အဲဒီမေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ဆိုတာပါ။

နောက် ၁၅၀၀ပါ။ ၁၅၀၀ဟာ မေတ္တာ မဟုတ်ပါဘူး။ ကိလေသာပါ။ ဗုဒ္ဓစာပေတွေမှာ ၁၅၀၀မေတ္တာလို့ မသုံးပါဘူး။ ၁၅၀၀ကိလေသာလို့ပဲ သုံးပါတယ်။ အချို့က မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ မောင်နဲ့နှစ်မ စသည့်မေတ္တာမျိုးဟာ ၅၂၈မေတ္တာဖြစ်ပြီး သမီးရည်းစားအချင်းချင်းထားတဲ့ မေတ္တာမျိုးဟာ ၁၅၀၀မေတ္တာလို့ နားလည်မှုလွဲနေကြပါတယ်။ တကယ်တော့ ၁၅၀၀ ဟာ မေတ္တာမဟုတ်ပါ။ ကိလေသာသာဖြစ်ပါတယ်။ ၁၅၀၀ ကိလေသာပါ။ အလျဉ်းသင့်လို့ ၅၂၈ မေတ္တာရေတွက်ပုံနဲ့ ၁၅၀၀ ကိလေသာ ရေတွက်ပုံကိုလည်း ဖော်ပြလိုက်ပါတယ်။

၅၂၈မေတ္တာရေတွက်ပုံ…
သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ၊ သဗ္ဗာဣတ္ထိယော၊ သဗ္ဗေပုရိသာ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေ၀ါ၊ သဗ္ဗေမနုဿာ၊ သဗ္ဗေ၀ိနိပါတိကာ ဆိုတဲ့ ပုဂ္ဂိုလ် ၁၂ယောက်ကို အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံပရိဟရန္တု ဆိုတဲ့“-န္တု” လေးချက်နဲ့ တစ်ယောက်ချင်းပွားများပါက ၁၂ယောက် ဆိုတော့ ၄၈ပါ။ ပြီးတော့ အဲဒီပုဂ္ဂိုလ် ၁၂ယောက်ကိုပဲ အရပ်ဆယ်မျက်နှာဖြင့် တစ်မျက်နှာချင်း ပုဂ္ဂိုလ်တစ်ယောက်ချင်းပွားပါက ၄၈၀ပါ။ အဲဒီ ၄၈၀နဲ့ ခုနက ၄၈ချက်နဲ့ ပေါင်းရင် ၅၂၈ပါ။ အဲဒါကိုပဲ ၅၂၈မေတ္တာလို့ ပြောတာပါ။ (၅၂၈မေတ္တာပွားနည်း)
(၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈)

၁၅၀၀ ကိလေသာရေတွက်ပုံ…
စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။ အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။ အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။ ဒီသဘောက အဘိဓမ္မာမသင်ဖူးသူတို့အတွက် နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
(၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။)

Wednesday 2 December 2009

ရတာမလို

“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။

တကယ်တော့ အာသဝေါကုန်ခမ်းပြီး ရဟန္တာအဖြစ်ကို မရသေးသမျှ ဘယ်သူမှ အလိုပြည့်ကြမှာ မဟုတ်ပါဘူး။ ခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်နေတဲ့ စိတ်ကြောင့်လည်း ခုလိုချင်ပေမယ့် နောင်မလိုချင် ဖြစ်တတ်သလို အခုရနေတာကိုလည်း မရချင်ဖြစ်လာ၊ စိတ်ကုန်လာ ဖြစ်တတ်ပါတယ်။ ကိုယ်ရထားတာကို အလိုမပြည့်နိုင်ပဲ သူများရနေတာကို လိုချင်တတ်ကြပြန်ပါတယ်။ ကိုယ့်ဘ၀ကို မကျေနပ်နိုင်ဘဲ သူများဘ၀ကို အားကျနေတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ လူတွေက ဘုန်းကြီးတွေဘ၀ကို အားကျလို့ သာသနာ့ဘောင်ဝင်ဖို့ ကြိုးစားကြပေမယ့် ဘုန်းကြီးအချို့ကျပြန်တော့ လူ့ဘ၀အားကျကာ လူထွက်ဖြစ်တတ်ကြ တာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့လည်း နာမည်ကြီးနေတဲ့သူတွေကို ကြည့်ပြီးသူတို့ဘ၀လေးကို အားကျလို့ သူတို့လိုဖြစ်အောင် ကြိုးစားကြပေမယ့် နာမည်ကြီးနေတဲ့ သူတွေကလည်း သူတို့ဘ၀ရဲ့ ဒုက္ခနဲ့ လွတ်လပ်မှု မရှိတာတွေကြောင့် ဘာမှမဖြစ်ဘဲ ရိုးရိုးအေးအေးလေးပဲ ဖြစ်နေတဲ့ သာမန်လူတွေရဲ့ ဘ၀ကို အားကျပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်နေရတဲ့ လက်ရှိဘ၀အခြေအနေနဲ့ လက်ရှိနေရတဲ့ တိုင်းပြည်နိုင်ငံကြောင့် တိုးတက်ပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြသလို တိုးတက်ပြီး နိုင်ငံမှာရှိနေတဲ့ သူတွေကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ့ပေမယ့် အေးချမ်းပြီး စိတ်ချမ်းသာမယ်ထင်တဲ့ နိုင်ငံလေးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ်ရဲ့လက်ရှိ အခြေအနေတွေပေါ်မှာ အလိုမကျဖြစ်ပြီး တစ်ခြားအရာတွေပေါ်မှာ တောင့်တလိုချင်မှုတွေ၊ ရတာကိုမလိုချင်ဘဲ လိုတာကို ရချင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ စာစကားနဲ့ ပြောရရင်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့လည်း နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပြောဆိုဖူးပါတယ်။ တစ်ခါတစ်လေ သူတို့တွေရဲ့ ညဉ်းသံလေးတွေ ကြားရပါတယ်။ တစ်ချို့ ဆရာတော်ကြီးများက ဆိုဆုံးမဖူးပါတယ်။ “အရှင်ဘုရားတို့… ဘုန်းမကြီးကြစေနဲ့၊ နာမည်မကြီးကြစေနဲ့၊ တပည့်တော်တို့လည်း ငယ်တုန်းက ဒီစိတ်လေးတွေနဲ့ ကြိုးစားအားထုတ်ခဲ့ကြလို့ ခုဒီဘ၀ကို ရောက်လာခဲ့တယ်၊ ရောက်လာတော့လည်း ဒီလိုနေရတဲ့ဘ၀ကို ငြီးငွေ့လာတယ်၊ ဒကာဒကာမတွေနဲ့ ပြောဆိုဆက်ဆံရမှာကို စိတ်ကုန်လာတယ်..၊ တစ်ခါတစ်လေ ဘာမှမဖြစ်တဲ့ ဘ၀၊ ရိုးရှင်းတဲ့ဘ၀လေးကိုပဲ ပြန်လိုချင်နေမိတယ်၊ စိတ်ကလည်း ခက်သား ရတာကိုတော့ မလိုချင်ဘူး မရတာကျတော့ လိုချင်ပြန်တယ်၊ ဒါကြောင့် အရှင်ဘုရားတို့လည်း သိပ်ပြီးမလိုချင်ကြနဲ့၊ ရှိတဲ့အတိုင်းအတာလေး အပေါ်မှာပဲ ကျေနပ်နိုင်အောင် ကြိုးစားကြ…“ စသဖြင့် သြ၀ါဒ ပေးတာလေးတွေကို မှတ်သားရဖူးပါတယ်။

ဘုန်းကြီးလေ ဒုက္ခရောက်လေဆိုတဲ့ ဒီစကား သိပ်မှန်ပါတယ်။ တစ်လောက မင်းကွန်းဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိလေးကို ဖတ်မိတော့ ဆရာတော်ရဲ့ ကဗျာလေးတွေထဲမှာ တိပိဋကဖြစ်ပြီးနောက် နာမည်ကြီးပြီး ပူဇော်မှုတွေများ၊ ဒကာဒကာမတွေများ လာတဲ့အခါ သိပ်ပင်ပန်းရတဲ့ အကြောင်း ညဉ်းထားတာလေး ဖတ်ရတော့ “သြော်… ဆရာတော်တို့ ဒုက္ခကလည်း မသေးပါလား“လို့ အပင်ပန်းခံ၊ ဒုက္ခခံပြီး အမျိုးဘာသာ၊ သာသနာအတွက် ကြိုးစားဆောက်ရွက်တော် မူခဲ့တဲ့အပေါ် ကြည်ညိုလေးစားမိရင်း တစ်ဘက်ကလည်း ဒီလိုဒုက္ခတွေကြောင့် ပင်ပန်းရတဲ့အကြောင်း ညဉ်းထားတဲ့ ညဉ်းချင်းလေးဖတ်ရတော့ ဆရာတော်ကြီးကို သနားမိပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ စိတ်မကောင်းဖြစ်ဆိုလည်း ဖြစ်ချင်စရာပါ။ ဆရာတော်ရဲ့ ညဉ်းချင်းလေးက သိပ်ပြီးရသမြောက်နေတာကိုး။ ဆရာတော်ကြီးက…
“တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်)” လို့ စပ်ဆိုတော်မူခဲ့တဲ့ ဒီညဉ်းချင်းလေးဟာ သတ္တ၀ါတွေရဲ့ အလိုမပြည့်မှုတွေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေဟာ ထင်သလို မရဘူးဆိုတာတွေကို အသိပေးနေ၊ သံဝေဂပေးနေသလို ဖြစ်ပါတယ်။

မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဟာ သိပ်ပြီးနာမည်ကြီးလာ ဘုန်းကြီးလာပြီဆိုရင် ဒုက္ခပါကြီးလာပါတော့တယ်။ ဒါကိုမသိတဲ့အခါ ဒီဒဏ်ကို မခံဖူးသူတွေက အားကျမိကြမှာ၊ အဲဒီပုဂ္ဂိုလ်အတိုင်း ဖြစ်ချင်မိကြမှာ ဓမ္မတာပါ။ ကိုယ့်မှာမရှိတဲ့အရာ၊ ကိုယ်မကြုံဖူးတဲ့အရာ၊ ကိုယ်ဖြစ်ချင်ပေမယ့် မဖြစ်တဲ့အရာတွေ သူများမှာဖြစ်နေတာကို ကြည့်ပြီး ဘယ်သူတွေက ဒုက္ခလို့ ဘယ်လောက်ပဲပြောပြော ကိုယ်ကဖြစ်ချင်နေ၊ ရချင်နေတဲ့အတွက် ဒီဒုက္ခဆိုတဲ့အရာကိုပဲ လိုလိုချင်ချင်ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုရှိပါတယ်။ ရယ်စရလို့ ဆိုပေမယ့် ကြည့်သူရဲ့ အမြင်ပေါ်လိုက်ပြီး ခြားနားကြောင်းကို ဒီအကြောင်းလေးက သက်သေပြနေပါတယ်။ ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးဟာ ကပ္ပိယသာဂိဆိုတဲ့ ကလေးနဲ့ အတူနေပါတယ်။ သာဂိလေးဟာ ဆရာတော့်အနားမှာ အမြဲနေပေးရပါတယ်။ ဆရာတော်လိုတာကို လုပ်ပေးရပါတယ်။ ဆရာတော်ဆွမ်းစားရင်လည်း အမြဲအနားမှာ ရှိပေးရပါတယ်။ အမြဲအနားမှာ နေနေတော့ ဆရာတော်ကြီးရဲ့ နေထိုင်ပြောဆို ကျင့်ကြံတာတွေကိုလည်း သိခွင့်ရနေပါတယ်။ ဆရာတော်ကြီးဟာ လက္ခဏာရေးသုံးပါးကို အမြဲဆင်ခြင်နေတဲ့ ဆရာတော်ဖြစ်တော့ ဘာပဲလုပ်လုပ် ဘာပဲစားစား အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည် ဆင်ခြင်လေ့ရှိပါတယ်။ တစ်နေ့တော့ ဆရာတော်ကြီးဟာ ဆွမ်းစားချိန် ဆင်ခြင်နေကျအတိုင်း ဟင်းဆယ်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ အသားတုံးကို ဘုဉ်းပေးတဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ကြက်သားတုံးကို ဆယ်ထည့်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ၀က်သားတုံးထည့်လည်း ဒုက္ခဒုက္ခ..စသည်ဖြင့် နှုတ်မှထွက်ပြီး ဆင်ခြင်ပါတယ်။ ဒါကို အနားမှာ ယက်ခပ်ပေးနေတဲ့ သာဂိက ကြက်သားတုံး ၀က်သားတုံးတွေကို ကြည့်ကာ အားမလိုအားမရဖြစ်ပြီး “အင်း… ဒါမျိုးဒုက္ခကတော့ သာဂိတို့လည်း ခံစားချင်ပါရဲ့“လို့ နှုတ်က ရေရွတ်မိပါတယ်တဲ့။ ဒီအကြောင်းလေးဟာ ဟာသရသဖြစ်စရာ ဆိုပေမယ့် ဆရာတော်ကြီးရဲ့ ခံယူချက်နဲ့ သာဂိရဲ့ အမြင်မတူ ဖြစ်စဉ်လေးပါ။ ဆရာတော်ကြီးဟာ ဒီလိုရသမျိုး နေ့စဉ်ဘုဉ်းပေးနေရတဲ့အတွက် ငြီးငွေ့ပြီး ဒုက္ခလို့ထင်ကာ ဆင်ခြင်နေပေမယ့် သာဂိအတွက်ကတော့ သုခဖြစ်နေတော့တာပါ။ ဒါကြောင့် သတ္တ၀ါတွေဟာ ကိုယ့်အနေအထားကို အလိုမကျဖြစ်ပြီး သူများကိုအားကျမှု ဖြစ်တတ်ကြခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခြေအနေအရ ရှိတဲ့အတိုင်းအတာလေးကို ရောင့်ရဲနိုင်အောင် ကြိုးစားခြင်းဟာ နေရတဲ့ခိုက်မှာ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဒီနေရာမှာ သဘောကျစရာကောင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။ “ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်လိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါကြောင်း..

Wednesday 18 November 2009

ရည်ရွက်ချက်

သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ?လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့ လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ် တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ် တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။
ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့ အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲဆိုင်တဲ့common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလိုရှိရင် တိုများရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလြဲ ကြမှာပါ ပရိတ်ကြီးထဲက ရတနာသုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး
အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ပဲနဲ့  အသက်ရှိသတ္တ၀ါ အားလုံးရဲ့
ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။
ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ
အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ
အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။
တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်
ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့
အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။
ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်
အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်
“အတ္တတ္ထ စရိယ” လို့
အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ
အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင်
ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ
အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ
အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။
အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်
ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့
အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့
ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလမတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့
ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော
နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့
လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့

Must be pleasant
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ
ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်
မင်္ဂလ သုတ်ထဲမှာ ပါပါတယ်
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ
စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့
ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏
တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် တရားတော်

ဆင်းတုတော်

ဆင်းတုရှိခိုးတာ အကျိုးရှိလား

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။

ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။


ဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်းမြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။


ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။


ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့

ပိဋကတ်သုံးပုံ၊

မဂ်လေးတန်၊

ဖိုလ်လေးတန်နဲ့

နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်တယ်။


ဥဒ္ဒိဿစေတီ…

သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။


ပရိဘောဂစေတီ…

မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။


အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကိုရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။


ဥပမာ…ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။


ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။


ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။

ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက

အရဟံအစ ဘဂ၀ါအဆုံး

အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊

ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊

သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့

မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊

ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

ကိုးကား-(ဒေါက်တာမင်းတင်မွန်)

ခင်ပွန်းကြီးဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…
Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊ ၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊ ၇-အလေးအမြတ်ပြုအပ်သော ဆရာ၊ သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊ ၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊ ၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊ ၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။ ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။ ၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။ သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ- ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။ ၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။ တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ ဘုန်းဘုန်း။


A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။



ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

စာပေမြင့်မှ လူမျိုးတင့်မည်။ လူမျိုးတင့်မှ တိုင်းပြည်မြင့်မည်။ စာပေသည် တိုင်းပြည်နှင့် လူမျိုး၏ အသက်ဖြစ်သည်။ စာပေထွန်းကားမှ နိုင်ငံထွန်းကားမည်။ စာပေသည် ရတနာမျိုးစုံကို ထည့် သွင်း သိမ်းဆည်းထားသော သေတ္တာတစ်လုံးနှင့်တူသည်။ တန်ဘိုးရှိသော ပညာရပ်မှန်သမျှကို စာပေဖြင့် ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးကို တိုးတက်အောင် ပြုလုပ်ရာ၌ စာပေကို မျက်ကွယ်ပြု၍ မရနိုင်ပေ။

စာပေသည် အမှောင်နှင့်အလင်း အမှားနှင့်အမှန်ကို ရှင်းလင်း သိနိုင်အောင် ပြသပေးသော မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့် သာသနာ တိုးတက်စည်ပင်ရေးအတွက် စာပေတည်းဟူသော မီးရှူးတန်ဆောင်ကို အရှိန်အဟုန် မပျက် ဆက်လက် ညှိထွန်းနေရမည်ဖြစ်သည်။ စာပေသည် အလင်းတကာတို့ထက် ပိုမို၍ လင်းအားကောင်းသော အရာဖြစ်သည်။ စာပေအလင်းရောင်ကြောင့် တိုင်းပြည်သည် တစ်ခဏချင်း လင်းထိန်သွားနိုင်သည်။ လူမျိုးသည် တောက်ပြောင် နိုင်သည်။ ဘာသာနှင့် သာသနာသည် ထိပ်တမ်းသို့ မြင့်တက်သွားနိုင်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်ကို ဖော်ပြသောအားဖြင့် စာပေ အလံတံခွန်ကို အမြင့်ဆုံးသို့ ရောက်အောင် မြှင့်တင်နေရမည်ဖြစ်သည်။

တနည်းအားဖြင့် စာပေသည် ပညာရပ်အားလုံးတို့၏ ကိုယ်စားပြု နာမ်စားတစ်ခုဖြစ်သည်။ စာပေကို လိုက်စားခြင်းဖြင့် ပညာရပ်အားလုံးကို တတ်သိနားလည်ပြီး အများအားကိုးထိုက်သည့် အကျိုးပြု ပညာတတ်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။ စာပေကြောင့် အသိအမြင်နှင့် ဘဝ အခြေအနေ တိုးတက် ပြောင်းလဲ သွားသူများ ကမ္ဘာတစ်ဝှမ်း၌ မြောက်များစွာရှိသည်။

ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါမှတ်သားဘွယ်ရာ နီတိဆန်သော စကားရပ်များကို မိန့်ကြားတော်မူခဲ့သည်။ ၄င်းတို့မှာ-

နတ္ထိ ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ) လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။

ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ) ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

ပညာ လောကသ္မိံ ပဇ္ဇောတော (သံ၊၁၊၄၁၊ပါ) ပညာသည် လောကကြီးအတွက် အကောင်းဆုံး အလင်းရောင်။

ထို့ပြင် စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ပညာမျက်စိ၊ အသိ၊ အမြင်၊ နားလည်မှုများရှိလျှင် ဘဝလွတ်မြောက်မှုကို ရနိုင်သည်ဟု အားပါးတရ မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် အမှောင်ကင်း ပျောက် သော လောကကြီးဖြစ်စေရန် အသိမှန် အမြင်မှန်ပေးနိုင်သော စာပေများကို ဦးစားပေးစနစ်ဖြင့် ဖတ်ရှုလေ့လာ ပြန့်ပွားအောင်ပြုလုပ်ရမည်ဖြစ်သည်။

သံယုတ်ပါဠိတော်၌ ခွန်အားကောင်းလိုသော် အစာအာဟာရကို လှူ၊ ရုပ်ရည်ကောင်းလိုသော် အဝတ်တန်ဆာကို လှူ၊ မျက်စိကောင်းလိုသော် အလင်းရောင်ကိုလှူ၊ ချမ်းသာကို အလိုရှိသော် ယာဉ်ရထားကို လှူ၊ ၄င်းသုံးမျိုးကို တစ်ပြိုင်နက် ရလိုသော် အရိပ် အာဝါသ ကျောင်း ဇရပ်ကို လှူ။ အသိဥာဏ်ကြီးလိုသော် တရား(ပညာ)ကိုလှူ (သံ၊၁၊၂၉၊ပါ) ဟု မြတ်စွာဗုဒ္ဓမိန့်တော် မူခဲ့သည်။ ထို့ကြောင့် အသိဥာဏ်ကြီးလိုက အသိဥာဏ်ကြီးကြောင်း ပညာရပ်များကို ဖြန့်ဝေခြင်း မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ပညာရပ်ကို ဖြန့်ဝေသည် ဆိုရာ၌ သင်ကြားခြင်း၊ သင်ယူခြင်း၊ တရားစကား ပြောခြင်း၊ နားထောင်ခြင်းများအပြင် စာအုပ်စာပေများ ပေး လှူခြင်းများလည်းပါဝင်သည်။

နံရံများ၏ ပဲ့တင်သံများသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းများဖြစ်သည်။ အလေး အပေါ့ အကျယ်အကျဉ်း အကောင်းအဆိုး အတိုးအမြင့်သည် မူလဘူတ ပြုလုပ်သူ၏ အင်အားနှင့် များစွာ သက်ဆိုင် သည်။ ဆိုလိုသည်မှာ လောက၌ အရာရာသည် အကြောင်းမဲ့ သက်သက်ဖြစ် နေခြင်းမဟုတ်ဘဲ အကြောင်းအကျိုး အားဖြင့် နှီးနွှယ် ဖြစ်ပျက်နေခြင်းဖြစ်သည်။ ထိုကို ပညာရှိ သူတော်ကောင်းများက ဇနေတိ သဒိသံ ပါကံ (အဘိ၊၃၆)

လောက၌ အရာရာသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းရှိသည် ဟု အလေးအနက် မိန့်ကြား တော်မူခဲ့ခြင်းဖြစ်သည်။ ။